ဆာလာတယောက် ထုံးစံအတိုင်း တကိုယ်ကောင်းမဆန်ရ မနေနိုင်ဖြစ်နေတာပါ။

လီဗာပူး တိုက်စစ်ကစားသမား ဆာလာတယောက် ပြီးခဲ့တဲ့ဇန်နဝါရီကမှ အသင်းကို ပြောင်းရွှေ့လာတဲ့ ဒီယက်ဇ်ကို ရည်ရွယ်ချက်ရှိရှိ လူမပေးဘဲ တကိုယ်ကောင်းဆန်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ပေါ်တိုကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့သူပါ။



ဒါပေမယ့် အချိန်တိုအတွင်းမှာပဲ ဒီယက်ဇ်က လီဗာပူးနဲ့ အသားကျခဲ့ပြီး ပရိသတ်တွေ အားကိုးရတဲ့ အချစ်တော်ကစားသမားတယောက်လည်းဖြစ်နေပါတယ်။ သူပါဝင်တဲ့ပွဲတွေမှာ လီဗာပူးတိုက်စစ်က ပိုမိုမြိုင်ဆိုင်တယ်လို့ လက်ခံထားကြပြီး ဒီကစားသမားရဲ့ ရုန်းအား၊ တိုးအားကလည်း ပြိုင်ဘက်နောက်ခံလူတွေအတွက် အိပ်မက်ဆိုးပါပဲ။

ဒါပေမယ့် အခု နောက်ဆုံးထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရတော့ စီနီယာကစားသမားလို့ပြောရမယ့် ဆာလာက ဒီယက်ဇ်ကို သိသိသာသာ လူပေးကစားခြင်းမရှိတာကို မြင်တွေ့နေရပါတယ်။ အထူးသဖြင့် စပါးနဲ့ တဂိုးစီ သရေကျပြီး အမှတ်ဆုံးရှုံးခဲ့ရတဲ့ပွဲမှာ ဆာလာက ဒီယက်ဇ်ကို (၄) ကြိမ်တိတိ လူမပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းမှုတွေ ပြုလုပ်နေပါတယ်။

ဒီပွဲမှာ အမှတ်လျော့ခဲ့တာကြောင့် လီဗာပူးဟာ မန်စီးတီးနဲ့ (၃) မှတ်ပြတ်သွားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်လင့်ချက်နည်းပါးသွားခဲ့ရပါပြီ။ အဲ့ဒီပွဲမှာတုန်းက ဒီယက်ဇ်တယောက် လွတ်လွတ်ကျွတ်ကျွတ် အနေအထားနဲ့ ဘောလုံးတောင်းနေသည့်တိုင် ဆာလာကတော့ ဒီယက်ဇ်ကိုမပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းတာ၊ မာနေးကို ပေးလိုက်တာမျိုးတွေသာ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း စပါးနဲ့ပွဲမှာ ဒီယက်ဇ်ကသာ လီဗာပူးအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ရပြီး မနေ့က ဗီလာကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း မာနေးရဲ့ အနိုင်ဂိုးအတွက် ဒီယက်ဇ်က ဖန်တီးပေးခဲ့ရပါတယ်။ ဆာလာကတော့ မနေ့က ဗီလာနဲ့ပွဲမှာ ဒုတိယပိုင်းမှ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

စပါးနဲ့ပွဲမှာ ဒီယက်ဇ်အပေါ် ဆာလာတကိုယ်ကောင်းဆန်ခဲ့တာနဲ့ ပတ်သက်လို့ ပရိသတ်တွေက “ဆာလာကြောင့် လီဗာပူးတို့ (၃) မှတ် ဆုံးရှုံးခဲ့ရတာပါ။ အဲ့ဒီပွဲမှာ အသင်းက ပိုကောင်းတဲ့ လှုပ်ရှားမှုတွေရှိခဲ့ပေမယ့် ညံ့ဖျင်းတဲ့ဆုံးဖြတ်ချက်တွေ၊ တကိုယ်ကောင်းဆန်မှုတွေကြောင့် အမှတ်လျော့ခဲ့ရတာပါ” “ဆာလာက ဂိုးတိုင်း၊ ဂိုးတိုင်းကို သူပဲ သွင်းချင်နေတာပါ။ တကယ် စိတ်ပျက်စရာပဲ”

“ရော်နယ်ဒို သူ့ကို မှီတော့မယ်ဆိုတာကို ဆာလာသိနေပါတယ်။ အသင်းနိုင်ဖို့ အရေးကြီးဆုံးလို့ သူပြောတာကို ကျနော် မယုံပါဘူး” “ဆာလာ တကြိမ်လောက် တကိုယ်ကောင်းဆန်တာကို နားလည်ပါတယ်။ ဒါပေမယ့် တပွဲတည်းမှာ (၂) ကြိမ်ကနေ (၃) (၄) ကြိမ်လောက်အထိကတော့ အရမ်းများသွားပါပြီ” လို့ အသီးသီး ဝေဖန်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က