ယူနိုက်တက်ဂိုးသမားဟောင်းကြီး ဘင်ဖော်စတာက လီဗာပူးရဲ့မာနေးကို ရောင်းချလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်လိုက်ပြီး လာမယ့်နှစ်မှာ ချဲလ်ဆီးရဲ့ကျော်တက်ခြင်းကို ခံရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ အဓိက,ကစားသမား မာနေးကို ဘိုင်ယန်မြူးနစ်ထံ လက်လွှတ်ခဲ့ရပြီး ဒါဝင်နူးနက်ဇ်ကို ပြန်လည်အစားထိုးခေါ်ယူထားပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာတော့ လီဗာပူးက ရမှတ် (၉၂) မှတ်၊ အဆင့် (၂) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အဆင့် (၃) နေရာက ချဲလ်ဆီးထက် (၁၈) မှတ်အထိ အသာရရှိခဲ့ပါတယ်။ ဖော်စတာက “ပြီးခဲ့တဲ့ရာသီမှာတုန်းက လီဗာပူးကို လုံးဝသွားပြီလို့ပဲထင်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီလိုမဟုတ်ခဲ့ဘဲ သူတို့က နောက်ဆုံးပွဲစဥ်အထိ မျှော်လင့်ချက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျနော် သူတို့ကို အဆင့် (၄) ပဲရမယ်လို့ ခန့်မှန်းခဲ့တာကို နားလည်နိုင်မှာပါ”
“လာမယ့်ရာသီမှာတော့ လီဗာပူး အဆင့် (၃) ရမယ်လို့ ကျနော် ခန့်မှန်းချင်ပါတယ်။ ဒီနှစ်အတွက် လီဗာပူးထက် ပိုကောင်းတဲ့ အသင်းနှစ်သင်း (မန်စီးတီးနဲ့ချဲလ်ဆီး) ရှိပါတယ်။ ကျနော့်အထင် မာနေးကို ဆုံးရှုံးလိုက်ရပြီး လီဗာပူးတို့ အခုချိန်မှာ အကူးအပြောင်း ကာလကိုရောက်ရှိနေပါတယ်။ သူတို့ ပရီးမီးယားလိဂ်ဖလားရဖို့ စဥ်းစားကြည့်လို့တောင် မရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် ဖော်စတာက မန်စီးတီးသာ ချန်ပီယံဖြစ်ပြီး စပါးက အဆင့် (၄) နေရာကို ဆက်လက်ရယူနိုင်မှာဖြစ်ကြောင်း၊ အဆင့် (၅) နဲ့ အဆင့် (၆) နေရာမှာတော့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ရာသီကအတိုင်း ဆက်လက်ရပ်တည်သွားနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။
တန်းဆင်းရမယ့်အသင်းတွေအဖြစ် ဒီနှစ်မှ တန်းတက်လာတဲ့ ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့အတူ ဆောက်သမ်တန်လည်း ပါဝင်တယ်လို့ ဖော်စတာက သုံးသပ်ပေးခဲ့ပါတယ်။