အာဖရိက,ကစားသမားတွေနဲ့ပတ်သက်လို့ ပြောကြားခဲ့တာပါ။

နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က သူ့အနေနဲ့ အာဖရိက,ကစားသမားတွေကိုခေါ်ယူတဲ့အခါ စာချုပ်မှာ အချက်အလက်တခုကို သဘောတူညီကြောင်း လက်မှတ်ထိုးမှသာ ခေါ်ယူတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါကတော့ အဆိုပါကစားသမားအနေနဲ့ အာဖရိကဖလားပြိုင်ပွဲကို လက်ရွေးစင်အသင်းနဲ့အတူ သွားမကစားဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။



ဒီအချက်ကတော့ အာဖရိကလက်ရွေးစင်တွေအတွက် ဘယ်လိုမှမဖြစ်နိုင်ဘဲ အာဖရိကဖလားပြိုင်ပွဲဆိုတာကလည်း အာဖရိကတိုက်သားတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲတခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲကျင်းပချိန်က ဇန်နဝါရီနဲ့ဖေဖော်ဝါရီကာလဖြစ်နေပြီး ဒါဟာ ကလပ်အသင်းတွေအတွက်တော့ တော်တော်လေး ရင်ဆိုင်ရခက်တဲ့ အနေအထားလည်းဖြစ်ပါတယ်။

ဒီကာလဟာ လိဂ်ပြိုင်ပွဲတွေအတွက် တဆစ်ချိုးကာလ၊ အရေးကြီးတဲ့ပွဲကျပ်တွေရှိတဲ့ကာလလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်လိုပြိုင်ပွဲမျိုးနဲ့လည်း ရက်က နီးကပ်နေပြီး ကလပ်အသင်းတွေက သူတို့အားထားရတဲ့ အာဖရိက,ကစားသမားတွေကို ဆုံးရှုံးရတဲ့အခါမှာ ရုန်းကန်ရလေ့ရှိပါတယ်။ နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က “ခင်ဗျားတို့ သတင်းထောက်တွေကို ပြောချင်တာကတော့ အာဖရိကသားတွေအကြောင်း နောက်ထပ်မပြောဖို့ပဲ”

“ကျနော် သူတို့ကို ချစ်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ အာဖရိက,ကစားသမားတွေကို ခေါ်တဲ့အခါမှာ သူတို့အနေနဲ့ အာဖရိကဖလားပြိုင်ပွဲမှာ မကစားဘူးလို့ လက်မှတ်ထိုးမှပဲ ခေါ်ပါတော့မယ်။ မဟုတ်ရင်တော့ အဲ့ဒီပြိုင်ပွဲရော၊ တောင်အမေရိကမှာလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ဆိုရင် ကျနော်တို့အတွက် သုံးစရာကစားသမားဆိုတာလည်း မရှိတော့ပါဘူး”

“ကျနော်တို့က ကစားသမားတွေကို အခြားအသင်းတွေအတွက် ကစားပေးဖို့ လစာပေးနေတဲ့ အရူးတွေဖြစ်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမတိုင်ခင်မှာလည်း လီဗာပူးနည်းပြကလော့ပ်က အာဖရိကဖလားပြိုင်ပွဲကို သေးငယ်ပြီးအရေးမပါတဲ့ပြိုင်ပွဲသဘောမျိုး ပြောကြားခဲ့တာကြောင့် ပြန်လည်တောင်းပန်ခဲ့ရပါသေးတယ်။

အခုချိန်မှာတော့ ဒီလော်ရန်းတစ်က သူ့ရဲ့ပြောစကားအတွက် လူမျိုးရေးခွဲခြားပါတယ်ဆိုပြီး စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ လက်ရှိနာပိုလီမှာလည်း အာဖရိကတိုက်က နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမီဟန်၊ ကင်မရွန်းကွင်းလယ်လူ အန်ဂစ်ဆာတို့ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က