ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မာနေးနဲ့အတူ အသင်းကို ရောက်ရှိလာခဲ့တဲ့ အေဇန်ပိုကိုလည်း စာချုပ်ဖျက်သိမ်းလိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါ ကစားသမားဟာ မာနေးရဲ့ ငယ်သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ မာနေးက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အေဇန်ပိုကိုလည်း ဘိုင်ယန်မြူးနစ်အရန်အသင်းမှာ ခြေစွမ်းစမ်းသပ်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ အေဇန်ပိုဟာ မာနေးရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပြီး မာနေး ဘိုင်ယန်မြူးနစ်မှာ ဆေးစစ်မှုခံယူတုန်းကလည်း ကိုယ်တိုင် ကားမောင်း လိုက်ပို့ပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အေဇန်ပိုက ဘိုင်ယန်မြူးနစ်အရန်အသင်းနဲ့ စာချုပ်ချုပ်ဆိုခွင့်ရရှိခဲ့ပြီး အသင်းအတွက် ပထမဆုံးပွဲမှာတင် (၃၆) စက္ကန့်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အေဇန်ပိုက ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အရန်အသင်းအတွက် (၂၈) ပွဲကစား၊ (၁၂) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ မာနေး ဘိုင်ယန်မြူးနစ်ကနေ အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့တဲ့နောက် ဘိုင်ယန်မြူးနစ်က မာနေးရဲ့ ငယ်သူငယ်ချင်း အေဇန်ပိုကိုပါ စာချုပ်ဖျက်သိမ်းခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေကတော့ မာနေးနဲ့ပတ်သက်တာမှန်သမျှကို ဘိုင်ယန်မြူးနစ်တို့ ရှင်းထုတ်နေတယ်လို့ ယူဆနေကြပါတယ်။
အသက် (၃၀) အရွယ်ရှိပြီဖြစ်တဲ့ အေဇန်ပိုဟာ လက်ရှိအချိန်မှာတော့ ဘယ်လ်ဂျီယံ ဒုတိယတန်းကလပ်အသင်းတစ်သင်းနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ မာနေးကတော့ လက်ရှိမှာ အယ်လ်နာဆာအတွက် ကစားပေးနေပြီး ကမ္ဘာကျော် ရော်နယ်ဒိုနဲ့ တစ်သင်းတည်း တွဲဖက်ကစားခွင့်ရရှိနေတာလည်း ဖြစ်ပါတယ်။