မေဘရဏီသော် ကတော့ အနုပညာအလုပ်တွေ လုပ်တဲ့အခါမှာ ကိုယ့်တန်ဖိုးကို တခြားသူတွေနဲ့ မတိုင်းတာဘူးလို့ ဆိုပါတယ်။ မိန်းကလေးတစ်ယောက်က မာနတော့ရှိသင့်တယ်လို့ ပြောပါတယ်။
Photo: May Brani Thaw
မေဘရဏီသော်ကတော့ သူမ ရပ်တည်နေတဲ့ အနုပညာလောကမှာ အပြိုင်အဆိုင်တွေကတော့ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဒီလို အပြိုင်အဆိုင်တွေအပေါ် သူမရဲ့ ခံယူချက်တွေကို အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။
‘’အနုပညာလောကဆိုတာက တစ်ခါတလေမှာ ပြိုင်ဆိုင်မှုတွေ အများကြီးရှိတာပေါ့။ ကိုယ့်ဘာသာကိုယ် ပုံမှန်လေးတော့ နေတာပေါ့။ မေသော်ဆိုတာကလည်း ကိုယ့်ကို လာမထိရင် ဘာမှတော့ မလုပ်ဘူးပေါ့နော်။ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက်လည်း လုံးဝ မာနမရှိဘူးဆိုတာလည်း မဖြစ်သင့်ဘူး။ မာနအရမ်းမြင့်ရင်လည်း မဖြစ်သင့်ဘူး။ မာနဆိုတာ သူ့နေရာနဲ့သူရှိရတယ် ဒါမှလည်း တန်ဖိုးရှိမှာပါ’’ လို့ သူကဆိုပါတယ်။
Photo: May Brani Thaw
အနုပညာအလုပ်တွေ စလုပ်ဖြစ်ခဲ့တဲ့ အချိန်မှာလည်း စိတ်မကောင်းစရာတွေ ကြုံတွေ့ခဲ့ရတယ်လို့ မေဘရဏီသော်က ပြောပါတယ်။
‘’ အရင်တုန်းကတော့ ကိုယ်လိုချင်တဲ့နေရာတစ်ခုကို မရတဲ့အခါမှာ နည်းနည်းတော့ ခံစားရတယ်ပေါ့နော်။ ဒါပေမယ့်လည်း တစ်ခါတလေမှာ စဉ်းစားတာက ဒီ့ထက်ပိုပြီးတော့ ကောင်းတဲ့ စိန်ခေါ်မှုတွေရှိတဲ့ အတွက် ဒီအရာတွေကို လက်လွှတ်လိုက်ရတယ်လို့ပဲ တွေးတယ်။ မေသော်က ကိုယ့်ရဲ့ တန်ဖိုးကို သူများနဲ့ ဘယ်တော့မှ မတိုင်းတာဘူး။ မေသော့်မှာလည်း မေသော့်ရဲ့ တန်ဖိုးရှိတယ်။ ကိုယ်ဟာ သူများနဲ့တိုင်းတာလိုက်ပြီဆိုရင် အလိုလို ရှုံးနိမ့်တဲ့လူတစ်ယောက်ဖြစ်သွားပြီ’’ ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့က ‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: May Brani Thaw
မေဘရဏီသော်ကတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းတွေနဲ့ ပတ်သက်ပြီး အရမ်းကိုတည်ငြိမ်သူတစ်ယောက်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း လက်ရှိ နေထိုင်မှု ပုံစံအကြောင်းလေး ပြောပြလာပါတယ်။
‘’ တချို့တွေကတော့ မေသော့်ကို ပျင်းစရာကောင်းတယ်လို့ မြင်ကြတယ်ပေါ့နော်။ မိန်းကလေး တစ်ယောက်ဖြစ်ပေမယ့် နည်းနည်းလေး ပျင်းဖို့ကောင်းတယ်။ မဟာဆန်လွန်းအားကြီးတယ်ဆိုပြီးတော့ ထင်ကောင်း ထင်ကြတယ်။ အခုနောက်ပိုင်းတော့ မေသော် နည်းနည်းလေး စတိုင်လ်ပြောင်းလာတယ်။ နည်းနည်းတော့ လူငယ်ဘက်ဆန်တာလေးတွေပေါ့ အနည်းဆုံးကတော့ မေသော် ဝတ်တဲ့ပုံစံလေးတွေက မေသော့် မိသားစု မျက်စိမရှက်ရအောင်တော့ နေရတာပေါ့’’ လို့ သူကဆိုပါတယ်။
Photo: Paing Soe Thu
မေဘရဏီသော်ကတော့ ၂၀၁၅ခုနှစ်က Miss Universe Myanmar 2015 ရဲ့ အလှတစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အလှမယ်တစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ သူမှာ အခုနောက်ပိုင်း အနုပညာအလုပ်တွေလည်း လုပ်ကိုင်လို့နေပါတယ်။ လက်ရှိ ရုံတင်ပြသနေတဲ့ ‘အခမ်းနားဆုံးမေတ္တာ’ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။