ဒီနေ့ကစားမယ့် မန်ချက်စတာဒါဘီပွဲမှာတော့ မန်စီးတီးတိုက်စစ်မှူးဟာလန်းကို ထိန်းချုပ်မယ့် ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ရဲ့ လျှို့ဝှက်လက်နက်က ဂျေဒန်ဆန်ချိုဖြစ်နိုင်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒေါ့မွန်မှာ ဟာလန်းနဲ့ အသင်းဖော်တွေအဖြစ် ဆန်ချိုက ကစားခဲ့ဖူးသူဖြစ်ကာ ဒီနေ့ပွဲအတွက် ဟာလန်းကို ထိန်းချုပ်ဖို့ရာ သူ လုပ်စရာရှိတာတွေ လုပ်ပြီးပြီလို့ တန်ဟက်ဂျ်က ဖွင့်ဟခဲ့ပါတယ်။
ဒေါ့မွန်မှာ ဆန်ချိုနဲ့ ဟာလန်းတို့က ၁၈ လကြာ တွဲကစားခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးပေါင်းသွင်းဂိုး ၈၁ ဂိုးအထိ ရရှိခဲ့ကာ ဟာလန်းက ၅၈ ဂိုးနဲ့ ဆန်ချိုက ၂၃ ဂိုးအထိ သွင်းခဲ့ကြပါတယ်။ ဟာလန်းရဲ့ ကစားပုံအကြောင်းကို ဆန်ချိုက ကောင်းကောင်းသိရှိထားသူဖြစ်ပြီး ဒီအချက်က ဟာလန်းကိုထိန်းချုပ်ရာမှာ တန်ဟက်ဂျ်အတွက်တော့ အသုံးဝင်မယ့်အနေအထားမှာရှိနေပါတယ်။
"ဟာလန်းလို ကစားသမားတယောက်ကို ကြိုပြီးကြည့်ထားဖို့က ကျနော်တို့ရဲ့ အလုပ်ပါပဲ၊ ကစားသမားတဦးက များပြားတဲ့သွင်းဂိုးတွေကို သွင်းယူပြနေတယ်ဆိုရင် ဒါကို လေ့လာခွဲခြမ်းရမှာ ကျနော်တို့တာဝန်ပါပဲ၊ ပြီးတော့ ခင်ဗျားကစားသမားတွေနဲ့လည်း စကားပြောရမှာ သေချာပါတယ်၊ ဆန်ချိုနဲ့ ဟာလန်းတို့လို ပြိုင်ဘက်မျိုးနဲ့ အရင်တုန်းက ကစားဖူးတဲ့ တယောက်ယောက်ကို မေးကြည့်ရမှာပဲ" လို့ စက်တင်ဘာရဲ့ တလတာအကောင်းဆုံးနည်းပြဆုကိုရရှိထားတဲ့ တန်ဟက်ဂျ်က ပြောခဲ့ပါတယ်။
ဟာလန်းကို ယူနိုက်တက်က စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက မန်စီးတီးကိုသာ ရွေးချယ်ခဲ့တာပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားတဦး ယူနိုက်တက်ကိုမရောက်လာတဲ့အပေါ် စိတ်ပျက်မိလားဆိုတဲ့ မေးခွန်းကိုလည်း တန်ဟက်ဂျ်က "ကျနော်တို့မှာ အဲလိုကစားသမားတွေ ရှိပြီးသားပါ၊ အကောင်းဆုံးဖြစ်လာနိုင်မယ့်သူတွေလည်းရှိနေပါတယ်၊ တချို့ဆို ကမ္ဘာ့အဆင့်တောင်ဖြစ်နေပါပြီ"
"ဗာရန်းလို ကမ္ဘာ့ချန်ပီယံ၊ ကက်စ်မဲရိုးနဲ့ရော်နယ်ဒိုလို ဖလားတွေအများကြီးရထားတဲ့သူတွေရှိနေတယ်၊ သူတို့က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေလို့ ခင်ဗျားပြောနိုင်တာပဲ၊ ယူနိုက်တက်က စျေးကွက်ထဲမှာ ကစားသမားတွေကို ဆွဲဆောင်နေနိုင်တုန်းပဲလေ၊ ဒီတော့ ဟာလန်းမရောက်လာတာကို ကျနော်က ဘာမှစိုးရိမ်စရာမရှိဘူး၊ ဒါလော့ဆို ပေါ်တူဂီအတွက် ၂ ဂိုးသွင်းခဲ့တယ်၊ ဖာနန်ဒက်စ်လည်းသွင်းတယ်၊ ကက်စ်မဲရိုးနဲ့ ဖရက်ဒ်ဆို ဘရာဇီးလ်မှာ ပွဲကောင်းတွေကစားခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။