ပရိသတ်တွေ မမြင်တွေ့ခဲ့ဘဲ လွတ်သွားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့က မန်ချက်စတာဒါဘီမှာ မန်ချက်စတာစီးတီးကို နောက်ကနေ အနိုင်လိုက်ကစားခဲ့ပြီးနောက် ၉ ပွဲအထိ နိုင်ပွဲဆက်စံချိန် ရရှိခဲ့ပြီဖြစ်ပါတယ်။

ဂရီးလစ်ရှ်က မိနစ် ၆၀ မှာ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ၇၈ မိနစ်မှာ ဖာနန်ဒက်စ်က အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်ကနေတဆင့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပုံမှန်ခြေစွမ်း ရရှိနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်က နောက်ထပ် ၄ မိနစ်အကြာမှာ ဂါနာချိုရဲ့ မြေလှိမ့်ဘော ဖြတ်တင်ပေးပို့မှုကို ညာခြေနဲ့ အဆုံးသတ်ပိတ်သွင်းယူပြီး အံ့အားသင့်ဖွယ် နိုင်ပွဲကို ရယူပေးခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာတော့ အာဆင်နယ်၊ လီဗာပူးလ်၊ စပါးစ်၊ မန်စီးတီးတို့ကို ယခုရာသီ အိမ်ကွင်းမှာ အနိုင်ရရှိထားခဲ့ပြီဖြစ်ပြီး စနေနေ့ညနေပွဲစဉ်မှာ ပရိသတ်တွေ မမြင်တွေ့ခဲ့ဘဲ လွတ်သွားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။

ခေါင်းဆောင် ဖာနန်ဒက်စ်


ဖာနန်ဒက်စ်ဟာ ပွဲစဉ်တလျှောက်လုံး အသင်းဖော်တွေကို ညွှန်ကြားချက်တွေနဲ့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ဘာကြောင့် အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်နေရလဲဆိုတာကို ပြသခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်တစ်ကွင်းလုံး ဆူညံပွက်သွားစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက ဒုတိယမြောက် ဦးဆောင်ဂိုးကို ရှာဖွေဖို့ ကြိုးပမ်းနေချိန်မှာ ဒေးဗစ် ဒဟေးယားက ခံစစ်မှာ ဆက်တိုက် ဘောလုံးအပြန်အလှန်ပေးပို့မှုတွေမပြုလုပ်ခင်မှာ ဘောလုံးပေးပို့မှုတွေထဲက တစ်ခုကို လွဲချော်ခဲ့ပါတယ်။ ဖာနန်ဒက်စ်က အသင်းဖော်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းအေးအေးထားကစားဖို့ လက်ဟန်ခြေဟန်ပြခဲ့ပြီးနောက် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ပွဲအပြီး အင်တာဗျူးမှာ ဖာနန်ဒက်စ်က ရက်ရှ်ဖို့ဒ်ကို ပရိသတ်တွေဆီကနေ ချီးကျူးမှုတွေ ရရှိအောင် ရှေ့ကို တွန်းထုတ်ခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးကို ညွှန်ပြပြီး ပရိသတ်တွေကို အားပေးဖို့ အမူအရာပြုလုပ်ခဲ့ပါတယ်။ 

အနိုင်ဂိုးကို တန်ဟက်ရဲ့ တုံ့ပြန်မှု


မန်ချက်စတာယူနိုက်တက်နည်းပြဟာ ပွဲကစားချိန် ၈ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ ရက်ရှ်ဖို့ဒ်က အနိုင်ဂိုးကို သွင်းယူသွားချိန်မှာ အလွန်ပျော်ရွှင်သွားခဲ့ပြီး ၎င်းရဲ့ ဝမ်းမြောက်မှုကို ပြသဖို့ ထိန်းချုပ်ထားခြင်းမရှိဘဲ ကွင်းဘေးစည်းမှာ လက်သီးတွေကို လေထဲ ထိုးပြီး အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ စနေနေ့ညနေမှာ ပရိသတ်တွေ၊ အသင်းဝန်ထမ်းတွေနဲ့ ကစားသမားတွေကြားက စည်းလုံး ညီညွတ်မှုကို နောက်ထပ်တစ်ကြိမ် ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လူစားလဲမယ့်အစီအစဉ်ကို အလျင်အမြန် ပြောင်းလဲခဲ့မှု


ဖာနန်ဒက်စ်က ချေပဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် တန်ဟက်ဟာ ကွင်းထဲကို စေလွှတ်မယ့် လူစားလဲလှယ်မှုအများအပြားကို မပြုလုပ်ဖို့ လျင်လျင်မြန်မြန် ဆုံးဖြတ်ခဲ့ပါတယ်။ မက်တော်မီနေး၊ လီဆန်ဒရို မာတီနက်ဇ်တို့ဟာ ကွင်းထဲ ဝင်ဖို့ ပြင်နေကြပြီဖြစ်ပေမယ့်လည်း ချေပဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်တဲ့အသင်းရဲ့ လမှိုင်းကပ်လာမှုကို အနှောင့်အယှက်မဖြစ်အောင် လူစားလဲလှယ်မှုတွေကို မပြုလုပ်သေးဘဲ ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျ အနိုင်ဂိုးကို မြင်တွေ့ခဲ့ရပြီးနောက်မှာ တန်ဟက်ရဲ့ ရုတ်တရက်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်ဆိုတာ သက်သေထူနိုင်ခဲ့ပြီး မိနစ် ၉၀ ကျော်မှသာ မက်တော်မီနေးနဲ့ မာတီနက်ဇ်တို့ကို လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာဒါဘီနိုင်ပွဲကို စောင့်ကြည့်ခဲ့တဲ့ ဗက်ဟော့စ်


မန်ချက်စတာယူနိုက်တက်ကစားသမားသစ် ဗောက် ဗက်ဟော့စ်ဟာ မန်ချက်စတာဒါဘီကို မိသားစုနဲ့အတူ ပွဲကြည့်စင်ကနေ စောင့်ကြည့်ခဲ့ပြီး သောကြာနေ့ညနေမှာ ဒတ်ချ်တိုက်စစ်မှူးကို ယူနိုက်တက်ကစားသမားအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။ ဗက်ဟော့စ်ဟာ စနေနေ့ ဒါဘီပွဲစဉ်မှာ ပါဝင်ကစားပေးဖို့အတွက် လူစာရင်းသွင်းတာ နောက်ကျသွားခဲ့ပေမယ့်လည်း ဗုဒ္ဓဟူးနေ့ ပဲလေ့စ်နဲ့ပွဲမှာတော့ ပွဲဦးထွက်ပါဝင်ကစားပေးသွားဖွယ်ရှိပါတယ်။ ဗက်ဟော့စ်ဟာ အိုးထရက်ဖို့ဒ်က သည်းထိတ်ရင်ဖိုစရာ ဒါဘီပွဲစဉ်ကို ကြည့်ရှုပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားအဖြစ် ပါဝင်ကစားပေးရတဲ့အချိန်ကျရင် ဘယ်လိုတောင်းဆိုမှုတွေ ရှိလဲဆိုတာကို နားလည်သွားလောက်ပါတယ်။

Share

Loading Next Article...
က္က