မန်စီးတီးက ကယ်ဗင်ဖီးလစ်၊ နယူးကာဆယ်က ဘော့မန်းတို့ကို ခေါ်ယူခဲ့ကြပါတယ်။

ဂါဘရီယယ်ဂျီးဆပ်ကို အာဆင်နယ်အသင်းဆီ ပေါင် ၄၅ သန်းနဲ့ ရောင်းချခဲ့တဲ့ မန်စီးတီးဟာ အဆိုပါငွေကြေးကို ပြန်လည်အသုံးပြုပြီး လိဒ်ယူနိုက်တက်ကွင်းလယ်လူ ကီဗင်ဖိလစ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးသဘောတူညီချက်တွေ ရယူနိုင်ခဲ့ပြီဖြစ်ကာ ကစားသမားက ဂွာဒီယိုလာနဲ့ လက်တွဲချင်တာကြောင့် တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့လည်း ဖာဘရီဇီယိုရိုမာက ဖော်ပြခဲ့ပါတယ်။ 

ကယ်ဗင်ဖိလစ်အတွက် မန်စီးတီး ပေါင် ၄၂ သန်းအထိ ပေးချေရမှာဖြစ်ပြီး အပိုဆုကြေးတွေနဲ့ဆိုပါက ပေါင်သန်း ၅၀ အထိ ဖြစ်သွားမယ်လို့ သိရကာ လိဒ်ဘက်ကလည်း လက်ခံခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူကို မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားခဲ့ပေမယ့် မန်စီးတီးက ခြေမြန်လက်မြန်နဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ 

ရာသီသစ်အတွက် အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ နယူးကာဆယ်ကလည်း နစ်ပုပ်ကို ခေါ်ယူအပြီးမှာ လိုင်လီနောက်ခံလူဆဗန်ဘော့မန်းကို ယူရို ၃၇ သန်းနဲ့ ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ ဆေးစစ်မှုတွေကိုတောင်မှ ပြုလုပ်ခဲ့ပြီးဖြစ်ကာ ဇန်နဝါရီလအတွင်းမှာ ၃ ကြိမ်ကမ်းလှမ်းခဲ့မှုက မအောင်မြင်ခဲ့ပေမယ့် အခုအခါမှာတော့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ 

ငှက်ကျားတွေဟာ ဗီလာဘယ်နောက်ခံလူ မတ်တားဂတ်ကိုလည်း ပေါင် ၁၅ သန်းနဲ့ခေါ်ယူထားပြီးဖြစ်လို့ ဘော့မန်းက လာမယ့်ရာသီသစ်အတွက် သူတို့ခေါ်ယူခဲ့တဲ့ ၃ ဦးမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ အက်ဒီဟိုဝီလက်ထက်မှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းသွားရအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ရာသီသစ်မှာ ဥရောပဝင်ခွင့်တနေရာစာကို စိန်ခေါ်ဖို့ နယူးကာဆယ်က ပစ်မှတ်ထားနေပါတယ်။ 

Share

Loading Next Article...
က္က