ယူနိုက်တက်ရော၊ အေဂျက်စ်ရော အိမ်ကွင်းမှာရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကထွက်ခဲ့ရတာပါ။

ယူနိုက်တက်တို့အတွက် အိပ်မက်ဆိုးမက်ခဲ့ရတဲ့ပွဲတပွဲဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ကနေပါ နှုတ်ဆက်လိုက်ရပါတယ်။ ချန်ပီယံလိဂ်က ဒီရာသီ ယူနိုက်တက်တို့ နောက်ဆုံးမျှော်လင့်နိုင်တဲ့ ဆုဖလားတလုံးအဖြစ် ဝိုးတဝါးသာမျှော်လင့်ချက်ရှိခဲ့ပေမယ့် ဒီလောက်အထိ စောစောစီးစီး နှုတ်ဆက်ရလိမ့်မယ်လို့တော့ ထင်ခဲ့ကြမှာ မဟုတ်ပါဘူး။



 

ဒီပွဲအတွက် ယူနိုက်တက်က ကိုဗစ်ပြန်ကောင်းလာတဲ့ ဘရူနိုဖာနန်ဒက်စ် ပါဝင်လာခဲ့ပြီး ဂိုးသမား ဒီဂီယာ၊ နောက်တန်းမှာ ဒါလော့၊ ဗာရန်း၊ မက်ဂွိုင်းရား၊ အဲလက်စ်တဲလက်စ်၊ ကွင်းလယ်မှာ တွမ်မီနေး၊ ဖရက်ဒ် တိုက်စစ်မှာ ဘရူနိုဖာနန်ဒက်စ်၊ အီလန်ဂါ၊ ဆန်ချို၊ ရော်နယ်ဒိုတို့ ပွဲထွက်ခဲ့ပါတယ်။

အက်သလက်တီကိုကတော့ ပထမအကျော့ကအတိုင်း မာမာထန်ထန်နဲ့ ယူနိုက်တက်ကို တုံ့ပြန်ဖို့ပဲ ပြင်ဆင်ခဲ့ပြီး ဂိုးသမား အော့ဘလက်ခ်၊ နောက်တန်းမှာ ဟီမီနက်ဇ်၊ ဆာဗစ်၊ ရီနယ်လ်ဒို၊ လိုဒီ၊ လော်ရန်တေး ကွင်းလယ်မှာ ဟာရဲရား၊ ကိုကီ၊ ရိုဒရီဂိုဒီပေါလ် နဲ့ တိုက်စစ်မှာ ဂရစ်ဇ်မန်းနဲ့ ယာအိုဖီးလစ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်က ဒီရာသီ အကောင်းဆုံးခြေစွမ်းတွေထဲကတခုအပါအဝင်လို့ဆိုရမယ့် ခြေစွမ်းကို ပြသခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုကလည်း ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့ပြီး ဆီမြွန်နီရဲ့ ဝိသေသအတိုင်း ဂိုးမပေးရဖို့ကို အဓိကဦးစားပေးခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းဂိုးရသွားခဲ့တာကလည်း အက်သလက်တီကို ဖြစ်ခဲ့ပါတယ်။

ယာအိုဖီးလစ်ရဲ့ သွင်းဂိုးလူကျွံနေခဲ့ပေမယ့် အဲ့ဒီနောက်မှာ လိုဒီက ဒါလော့ရဲ့ နေရာယူမှုအားနည်းပုံကနေ အက်သလက်တီကိုအတွက် အရေးပါတဲ့ တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးမသွင်းခင် အက်သလက်တီကိုဘက်က ပြစ်ဒဏ်ဘောတွေ ဆက်တိုက်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပွဲကိုဆက်ကစားခွင့်ပြုခဲ့တာလည်း ယူနိုက်တက်အတွက် နစ်နာခဲ့ရပါတယ်။

ယူနိုက်တက်တို့ ကစားပုံကောင်းခဲ့တယ်၊ ဂိုးပေါက်ကန်သွင်းခွင့်နဲ့ ဘောလုံးပိုင်ဆိုင်မှုတွေ အသာရခဲ့တယ်ဆိုပေမယ့် တွမ်မီနေး၊ အီလန်ဂါတို့ ကစားပုံက အားနည်းချက်ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်၊ အီလန်ဂါ၊ မာတစ်၊ ဖရက်ဒ်၊ မက်ဂွိုင်းရားတို့ကို ထုတ်ပြီး မာတစ်၊ ပေါ့ဘာ၊ ရပ်ရှ်ဖို့ဒ်၊ ကာဗာနီနဲ့ မာတာတို့ကို ထည့်သွင်းခဲ့ပါတယ်။

ဒါပေမယ့် အသင်းကတော့ လိုအပ်နေတဲ့ ချေပဂိုးကိုမရရှိခဲ့ဘဲ အက်သလက်တီကိုရဲ့ ကျစ်လျစ်မာကျောတဲ့ ကစားပုံအောက်မှာ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကနေပဲ စောစောစီးစီး ထွက်ခဲ့ရတာဖြစ်ပါတယ်။  

 

တချိန်တည်း ကစားခဲ့တဲ့ပွဲမှာလည်း ဘင်ဖီကာက အေဂျက်စ်ကို အဝေးကွင်းမှာ နူနက်ဇ်ရဲ့တလုံးတည်းသော သွင်းဂိုးနဲ့ မထင်မှတ်ဘဲ အနိုင်ရရှိပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က