လာရောက်ဖမ်းဆီးတဲ့အချိန်က မနက် (၃) နာရီဖြစ်ပြီး ကစားသမားကလည်း အိပ်ပျော်နေချိန်ပါ။

မြောက်လန်ဒန်ရဲ့ နာမည်ကျော် ပရီးမီးယားလိဂ်ကြယ်ပွင့်တွေထဲက တယောက်ဟာ မုဒိမ်းမှုစွပ်စွဲချက်ကြောင့် မနက် (၃) နာရီမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရှိရပါတယ်။ ရဲကား (၆) စီးနဲ့ အဆိုပါ ကစားသမားနေထိုင်ရာနေအိမ်ကို လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကစားသမား အိပ်ပျော်နေချိန်လည်းဖြစ်တယ်လို့ သိရပါတယ်။



ကစားသမားရဲ့ အသက်အရွယ်က အသက် (၂၀) နှောင်းပိုင်းဖြစ်တယ်လို့သိရပြီး လက်ရှိအချိန်မှာလည်း အသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေမှာ ပူးပေါင်းပါဝင်နေပြီးသားဖြစ်ပါတယ်။ နစ်နာသူမိန်းကလေးက ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ဓာတ်ပုံအထောက်အထားတွေနဲ့အတူ ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်အတွင်း ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ကလည်း ဒီအကြောင်းနဲ့ပတ်သက်လို့ အတည်ပြုပေးထားပေမယ့် ကစားသမားရဲ့နာမည်နဲ့ အသင်းနာမည်တို့ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။ The Telegraph သတင်းဌာနကတော့ ကစားသမားရဲ့ မိခင်ကလပ်ကို ဒီအကြောင်းနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းခဲ့ပေမယ့် ကလပ်အသင်းဘက်က မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သြဂုတ် (၅) မှာ ပရီးမီးယားလိဂ်ပွဲစဥ်တွေကို စတင်တော့မှာဖြစ်ပြီး ဒီတပတ်မှာ ပရီးမီးယားလိဂ်အသင်းတွေက ရာသီကြိုခြေစမ်းခရီးစဥ်တွေ ထွက်ခွာကြမှာပါ။

ဒါပေမယ့် ဒီဖြစ်ရပ်ကြောင့် အဆိုပါကစားသမားက အသင်းနဲ့ ဆက်လက်ပူးပေါင်းနိုင်ဖို့ မသေချာတော့ဘူးလို့ သိရှိရပါတယ်။ အခု မုဒိမ်းမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကစားသမားဟာ ကာတာကမ္ဘာ့ဖလားမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် အရွေးခံရမယ့် ကစားသမားဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိအင်္ဂလန်ပရီးမီးယားလိဂ်မှာ မန်စီးတီးက မန်ဒီ၊ ယူနိုက်တက်က ဂရင်းဝုဒ်တို့ မုဒိမ်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာလည်း ဂျာမန်ဘွန်ဒက်စ်လီဂါက နာမည်ကျော်ကစားသမားတယောက် စပိန်နိုင်ငံ၊ အိုင်ဘီဇာကျွန်းမှာ အပန်းဖြေအနားယူရင်း မုဒိမ်းမှုကျူးလွန်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က