အဓိကတိုက်စစ်မှူး လီဝန် ဒဏ်ရာရရှိသွားခဲ့တာပါ။

ဘာစီလိုနာရဲ့ ကံဆိုးမှုတွေကတော့ မရပ်တန့်နိုင်အောင်ကို ဖြစ်နေပါတယ်။ ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့နောက် စပိန်လာလီဂါမှာလည်း အယ်လ်မီရီယာကို ထပ်ရှုံးခဲ့ပါတယ်။ အခုအခါမှာ လီဝန်ဒေါစကီးက တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ်ပထမအကျော့ကို လွဲချော်တော့မှာပါ။ 

ဒါဟာ ဆုဖလား ၃ လုံးလမ်းကြောင်းပေါ်ကနေ ဘာကာတို့ တလအတွင်းမှာပဲ ဆုဖလားနှစ်လုံး လက်လွှတ်ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်ကို ၇ မှတ်ဖြတ်ထားပေမယ့် ပွဲကစားဖို့က ၁၀ ပွဲကျော်ကျန်သေးလို့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကိုပါဒယ်ရေးမှာကလည်း ရီးရဲလ်နဲ့မှ တွေ့ဆုံနေလို့ ဘာကာအတွက်တော့ ခက်ခဲတဲ့အချိန်ဖြစ်နေပါတယ်။ 

လီဝန်ဒေါစကီးက အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ဂိုးသွင်းယူပေးထားပြီး သူသာ မပါဝင်နိုင်ဘူးဆိုရင် ဘာကာတိုက်စစ်ပိုင်းမှာ ဂိုးသွင်းနိုင်မယ့်သူ မရှိသလောက်ဖြစ်သွားမှာပါ။ ဒမ်ဘီလီကလည်း အနားယူနေရပြီး အန်ဆူဖာတီက ခြေစွမ်းကျနေလို့ ဂိုးရဖို့အတွက်ဆိုရင် ရာဖင်ဟာကိုပဲ အားကိုးရဖွယ်ရှိနေပြီး ဒီပြသနာကို ဇာဗီက ဖြေရှင်းရတော့မှာပါ။ လီဝန်ဒေါစကီးအပြင် ပီဒရီလည်း ပါဝင်နိုင်မှာမဟုတ်လို့ အဓိကကစားသမားတွေကို သူတို့လက်လွှတ်ရမှာပါ။

လာမယ့် မတ်လ ၃ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ပထမအကျော့ကို ဘာနေဗျူးမှာကစားရမှာဖြစ်ပြီး ၂၀ ရက်နေ့မှာ ဒုတိယအကျော့ကို ကစားရမှာပါ။ လီဝန်ဒေါစကီးမပါဝင်နိုင်တဲ့ တိုက်စစ်၊ လက်ရှိမှာ ရှုံးပွဲတွေဆက်နေပြီး စိတ်ဓာတ်ပိုင်းပါ အားနည်းနေမယ့် အနေအထားတွေကြောင့် ကိုပါဒယ်ရေးပထမအကျော့က ဘာကာအတွက်တော့ တော်တော်ခက်ခဲမယ်လို့ ယူဆရပါတယ်။ 

ရီးရဲလ်မက်ဒရစ်ကလည်း လာလီဂါအမှတ်ပေးဖလားအတွက် လက်မလျှော့သေးဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် ၇ မှတ်အကွာကို လိုက်မီဖို့ဆိုတာကလည်း တော်တော်လေးကြိုးစားရမှာပါ။ ဒါကြောင့် အနီးစပ်ဆုံးဖြစ်နေတဲ့ ကိုပါဒယ်ရေးဖလားကို အားစိုက်လာမှာ သေချာနေပြီး ဘာကာအခက် ရီးရဲလ်အချက်ဖြစ်နေချိန်မှာ အခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်တာတော့ သေချာပါတယ်။

Share

Loading Next Article...
က္က