အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ အံ့အားသင့်စရာ ကောလာဟလတွေထဲက တစ်ခုအဖြစ် ဘာစီလိုနာအသင်းက မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့် အီလန်ဂါကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ကတ်တလန် ထိပ်သီးအသင်းကြီးဟာ မန်းဖစ် ဒီပိုင်းနဲ့ ဂီရိုနာနဲ့ပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရရှိသွားခဲ့ပြီးနောက် ရက်သတ္တပတ်အတော်ကြာ အနားယူရမယ့် ဒမ်ဘီလီရဲ့ နေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေတာဖြစ်ပါတယ်။ လာလီဂါက ဘာစီလိုနာအသင်းအနေနဲ့ ယခုရာသီမှာ ကစားသမားသစ် မှတ်ပုံတင်ဖို့အတွက် သေးငယ်တဲ့လစာပမာဏသာ လစ်လပ်တော့တယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို အငှားနဲ့ ကပ်ခေါ်ဖို့ ကြိုးပမ်းတော့မှာဖြစ်တယ်လို့ ESPN က ဖော်ပြခဲ့ပြီး အီလန်ဂါဟာ ဆာဂီယို ဘူးစ်ကတ်ကို ယှဉ်ပြိုင်မှု ပေးနိုင်မယ့် အမ်မရာဘတ်နဲ့အတူ ခေါ်ယူဖို့ စဉ်းစားခြင်းခံနေရတာဖြစ်ပါတယ်။ အီလန်ဂါဟာ ယာယီနည်းပြ ရန်းနစ်ခ် လက်ထက် မန်ချက်စတာယူနိုက်တက် ပထမအသင်းမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း နည်းပြသစ် တန်ဟက်လက်ထက်မှာတော့ ပွဲထွက်ကစားချိန်ရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
အီလန်ဂါဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားပေးထားပေမယ့်လည်း အဲဒီထဲက ၇ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ဆွီဒင်တောင်ပံကစားသမားဟာ ပြိုင်ပွဲစုံမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးဘဲ လာမယ့်နာရီပိုင်းအတွင်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာခွင့်ပြုခြင်း ခံရနိုင်တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။