နယ်သာလန်ကလပ်ဖီယင်နော့ဒ်အသင်းနည်းပြ အာနီစလော့က ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ရိုးမားနဲ့ ရင်ဆိုင်ရမှာက ခက်ခဲနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ဖူးပြီး ရိုးမားက အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ မကျေပွဲအဖြစ် ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ထပ်မံတွေ့ဆုံပြီး ကစားရတော့မှာပါ။
ဒါပေမယ့် စလော့ကတော့ သူက ထူးခြားတဲ့ အသင်းတသင်းသင်းနဲ့ ရင်ဆိုင်ချင်ခဲ့တာလို့ မဲခွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ချင်တယ်လို့ သူက အလေးထားပြောဆိုခဲ့ပြီး ဒီလိုအသင်းမျိုးနဲ့ ကစားရတာက ပိုမိုထူးခြားမှုရှိမယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။
စလော့က "ရိုးမားက အရမ်းကောင်းတဲ့ ပြိုင်ဘက်အသင်းတသင်းပါ၊ ပြီးတော့ ဒါက ကြီးမားတဲ့ ပြိုင်ဆိုင်မှုတိုက်ပွဲလည်းဖြစ်လာပါလိမ့်မယ်၊ ဒါပေမယ့် ကျနော်က ဒီတကြိမ်မှာ အခြားအသင်းတွေနဲ့ ရင်ဆိုင်ရဖို့ကို မျှော်လင့်ထားတာပါ၊ ကျနော့်အတွက် ထူးခြားတဲ့ အသင်းတသင်းတသင်းနဲ့ ရင်ဆိုင်ရဖို့ပေါ့"
"မန်ချက်စတာယူနိုက်တက်က အရည်အသွေးအရရော၊ ဘဏ္ဍာရေးအရပါ သိသာထင်ရှားတဲ့အသင်းပါ၊ ဒါပေမယ့် ရိုးမားတောင်မှ လွယ်ကူတဲ့ ပြိုင်ဘက်မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ရာသီ ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲပြီးကတည်းက သူတို့လူစာရင်းက တောင့်တင်းခဲ့ပါတယ်၊ ဒီဘာလာ၊ မာတစ်၊ ဝိုင်နယ်ဒမ်နဲ့ ဘယ်လော့တီတို့ ထပ်ရောက်လာခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ကွာတားဖိုင်နယ်မှာ စပိန်အသင်းတသင်းဖြစ်တဲ့ ဆီဗီလာကို ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ ဂျူဗင်တပ်စ်ပွဲစဉ်က အနိုင်ရအသင်းနဲ့ ဆီမိးဖိုင်နယ်ပွဲကစားရမှာဖြစ်ပါတယ်။ ဖီယင်နော့ဒ်ကတော့ ရိုးမားကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် USG-လေဗာကူဆင်ပွဲက အနိုင်ရအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ကစားရမှာပါ။