ဒေသစာလေးတွေကိုကြိုက်နှစ်သက်တဲ့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ အတွက် အညာမှာစားရသလို ခံစားချက်လေးရရှိစေနိုင်မယ့် မုန့်ပျားသလက် ဆိုင်လေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ ဒီဆိုင်လေးကတော့ တာမွေမြို့နယ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဂျမ်းစိန် ကျောက်ပန်းတောင်း မုန့်ပျားသလက်ဆိုင်လေးလို့ ပြောလိုက်ရင် လူတိုင်းသိကြတဲ့ဆိုင်လေးပါ။
အညာမှာစားရသလိုခံစားရမယ့် ဂျမ်းစိန်မုန့်ပျားသလက်
ဒီမုန့်ပျားသလက်ဆိုင်လေးကို ကျောက်ပန်းတောင်းဒေသခံတွေကိုယ်တိုင် ရောင်းချတာဖြစ်ပြီး ဆိုင်လေးကို အညာမှာ စားရတဲ့ပုံစံအတိုင်လေး ပြုလုပ်ထားတာက ဒီဆိုင်ရဲ့ ဆွဲဆောင်မှုတစ်ခုပါ။ (၂၀၂၀) ခုနှစ် ကိုဗစ်ကာလ ခရီးတွေမသွားရတော့တဲ့အချိန်ကစပြီး ဒေသအစားအစာတွေကို လွမ်းနေသူတွေ အတွက် ကျောက်ပန်းတောင်းမုန့်ပျားသလက်ကို အွန်လိုင်းကနေစတင်ရောင်းချရာကနေ အခုတော့ တစ်နိုင်တစ်ပိုင် ဆိုင်လေးဖွင့်လှစ်ပြီး ရောင်းချနေတာပါ။
“မုန့်ပျားသလက်မုန့်လုပ်ပြီးရောင်းဖြစ်သွားတာက ကိုဗစ်ကာလမှာ စရောင်းဖြစ်တာပါ။ ကိုဗစ်ကာလမှာ ခရီးတွေလဲမသွားရတော့ ကိုယ့်ဒေသကိုပြန်လို့မရတဲ့အချိန် အိမ်မှာမောင်နှမတွေမုန့်လုပ်စားရင်းကနေ ကိုယ့်လိုပဲ ဒေသစာလေး စားချင်တဲ့သူတွေရှိမှာပဲဆိုပြီး အွန်လိုင်းကနေရောင်းဖြစ်ခဲ့တာပါ။ အဲ့ဒီလိုရောင်းပြီးတော့ ကြားထဲမှာ ခဏနားလိုက်သေးတယ်။ အခုကတော့ ဆိုင်လဲဖွင့်တယ်။ အွန်လိုင်းကနေလည်း ရောင်းပါတယ်လို့ “ ဆိုင်ပိုင်ရှင် ဂျမ်းစိန်ကပြောပါတယ်။
ရိုးရာအတိုင်း မြေအိုးကင်းလေးနဲ့ ဆီမပါပဲလုပ်တဲ့ မုန့်ပျားသလက်
မုန့်လုပ်တဲ့အခါမှာလည်း အညာတွေမှာ မုန့်လုပ်တဲ့ရိုးရာဓလေ့အတိုင်း မြေအိုးကင်းလေးနဲ့ ဆီမပါပဲလုပ်တာပါ။ ဆန်မုန့်နှစ်ရည်ကို မြေအိုးပေါ်လောင်းပြီး ကြက်ဥ၊ ငုံးဥ၊ ပဲပြုတ်၊ အာလူးကြော်တို့ ထည့်ကာလုပ်ဆောင်နေပုံက အညာဒေသက မုန့်ပျားသလက်ဆိုင်လေးမှာ သွားစားနေရသလိုကို ခံစားရစေပါတယ်။ မုန့်ရလာတဲ့အခါမှာလည်း မြေအိုးနံ့သင်းသင်းလေးနဲ့ မုန့်သား ကြွပ်ကြွပ်လေးကို မန်ကျည်းချဉ်ရည် စပ်စပ်လေးနဲ့ စားသုံးရတာပါ။
“ကျောက်ပန်းတောင်း မုန့်ပျားသလက်ဆိုတဲ့အတိုင်း ကိုယ့်ဒေသမှာလုပ်သလို မြေအိုးလေးနဲ့လုပ်တယ်။ ဆီမပါဘူး ။ ဆီပါတဲ့မုန့်ပျားသလက်က နူးညံ့တယ်။ဒါလေးက ဆီမပါတော့ အောက်ခံမုန့်သားက ကြွပ်ကြွပ်လေးနဲ့ တမျိုး စားကောင်းတာပေါ့။ မုန့်အရသာအနေနဲ့ဆို အဆိမ့်ရတယ်၊ ချဉ်စပ်လည်းရတယ်။ ရိုးရာအတိုင်း ပဲပြုတ်လေးနဲ့ အဖြူထည်လေးလည်း ရတယ်။ အညာမှာစားသလိုလေးစားရမှာပါလို့”ဂျမ်းစိန်က ပြောပါတယ်။
မုန့်ရောင်းတဲ့အပိုဝင်ငွေလေးကို ဘဝတတ်လမ်းအတွက်အကျိုးရှိရှိသုံးတဲ့ မောင်နှမတွေ
ရန်ကုန်မှာမောင်နှမတွေစုနေကြရင်း အလုပ်ချိန်၊သင်တန်းအားချိန် ညနေပိုင်းမှာ မုန့်ပျားသလက်ဆိုင် လေးကိုဖွင့်ကာ အတူတူတက်ညီလက်ညီလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ အားပေးမှုကြောင့် တစ်နေ့ကို သုံးသောင်း၊လေးသောင်းဖိုးလောက်ကတော့ ပုံမှန်ရောင်းရပြီး လကုန်ရက် ပိတ်ရက်တွေ မှာတော့ တစ်သိန်းဖိုးနီးပါးလောက်အထိရောင်းချရတဲ့ဆိုင်လေးပါ။ ဒီဆိုင်လေးကရတဲ့အပိုဝင်ငွေနဲ့ မောင်နှမတတွေ အိမ်စရိတ် ကာမိသလို သင်တန်းစရိတ်အတွက်လည်း အထောက်အပံ့တစ်ခုဖြစ်စေတယ်လို့ မဂျမ်းစိန်က ဆိုပါတယ်။
အညာစာကြိုက်သူတွေက တူးတကလာစားကြ
ဒီဆိုင်လေးက တာမွေမြို့နယ်မှာ ဖွင့်လှစ်ထားတာကြောင့် ကျောက်မြောင်းအနီးတစ်ဝိုက်က စားသုံးသူတွေအပြင် အခြားမြို့နယ်တွေကစားသုံးသူတွေ ရဲ့ အသိအမှတ်ပြုမှုကိုလည်းရရှိထားတဲ့ဆိုင်လေးပါ။
“အဓိကက ရန်ကုန်မှာရှိတဲ့ အညာဒေသခံတွေကတော့ တခါစားပြီးရင် အမြဲလိုလိုလာစားကြပါတယ်။ အညာက လူတွေကကျတော့ ကိုယ့်ဒေသမုန့်လေးတွေဆို ကြိုက်ကြတယ်လေ။ အမတို့ကိုယ်တိုင်လည်း ကိုယ့်ဒေသစာ ရောင်းတဲ့ ဆိုင်လေးတွေဆို ရှာဖွေပြီးလိုက်စားတတ်တယ်။ ရန်ကုန်က အညာစာကြိုက်တဲ့သူတွေလည်း အမြဲလာစား ကြပါတယ်။ တောင်ဒဂုံ၊မြောက်ဒဂုံမြို့နယ်ဘက်ကနေပါ တကူးတကလာစားကြတဲ့ ဖောက်သည်တွေလည်းရှိတယ်။”လို့ ဂျမ်းစိန်ကပြောပါတယ်။
ကျောက်ပန်းတောင်းမုန့်ပျားသလက်လေးမြည်းစမ်းချင်သူတွေအတွက်
ဂျမ်းစိန်ကျောက်ပန်းတောင်းမုန့်ပျားသလက်ဆိုင်လေးမှာတော့ မုန့်ပျားသလက်အမျိုးအစား(၁၉)မျိုး အထိရရှိနိုင်ပြီး စျေးနှုန်းအနေနဲ့ အနည်းဆုံး(၃၀၀) ကျပ်ကနေ အများဆုံး(၁၅၀၀)ကျပ်ဖြစ်ပါတယ်။ ဆိုင်လိပ်စာလေးကတော့ ဓမ္မစိန္ဒာလမ်းအောက်ထိပ်၊ ကျောက်မြောင်း၊တာမွေမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန် နေ့ခင်း (၂)နာရီခွဲကနေ ညနေ(၆)နာရီခွဲထိဖြစ်ပြီး ဖုန်းနံပါတ် 09455907132/09449291622 ကိုလည်း ဆက်သွယ်မှာ ယူနိုင်ပါတယ်။ မြေအိုးနံ့သင်းသင်းလေးနဲ့ ကျောက်ပန်းတောင်းမုန့်ပျားသလက်အရသာကို မြည်းစမ်းချင်သူတွေအတွက် ဒီဆိုင်လေးကို ညွန်းပေး လိုက်ပါတယ်နော်။