ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ်ကစားသမား ရိုဒရိုင်ဂိုက သူဟာ မန်စီးတီးဘယ်နောက်ခံလူတွေ ကစားပုံကို စောင့်ကြည့်နေခဲ့တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ အိုဆာဆူနာဘက်ကို ရီးရဲလ်အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးသွင်းယူပေးခဲ့ကာ ခြေစွမ်းပြခဲ့ပြီးနောက် ပြောဆိုခဲ့တာဖြစ်ပြီး ဒါဟာ မန်စီးတီးနောက်ခံလူတွေအတွက်တော့ သတိပေးသံဖြစ်လာခဲ့ပါတယ်။
ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ ဘယ်နောက်ခံလူနေရာကို နသန်အကီက ကစားပေးနေတာဖြစ်ပါတယ်။ ၃ ယောက်တန်းခံစစ်ကို အသုံးပြုနေတဲ့ ဂွာဒီယိုလာက အကီ မကစားနိုင်ချိန်မှာဆို ဗဟိုခံစစ်မှူး ၃ ဦးနဲ့ ကစားနေခဲ့ပြီး ဘယ်ခြမ်းနေရာမှာ အကန်ဂျီက ဝင်ရောက်ကစားပေးလေ့ရှိပါတယ်။
ရိုဒရိုင်ဂိုက "ကျနော်နဲ့ ရင်ဆိုင်ရမယ့် မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံကစားသမားကို ကျနော် စောင့်ကြည့်နေခဲ့ပါတယ်" လို့ ပြောဆိုခဲ့တာပါ။ အကီကတော့ လက်ရှိမှာ ဒဏ်ရာရရှိထားပြီး ရီးရဲလ်နဲ့ပွဲအမီ ကြံ့ခိုင်မှုပြည့်၀မလားဆိုတာ မသိရေသေးဘဲ သူမကစားနိုင်ရင်တော့ အကန်ဂျီက ရိုဒရိုင်ဂိုနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရာ ရှိနေပါတယ်။
ဘရာဇီးလ်သားဟာ ရီးရဲလ်အတွက် ပွဲကြီးပွဲကောင်းတွေမှာဆိုရင် ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တုန်းကလည်း မန်စီးတီးနဲ့ပွဲမှာ သူက အရေးပါတဲ့ ချေပဂိုး နှစ်ဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းကို အချိန်ပိုကစားခွင့်ရရှိစေခဲ့ကာ အချိန်ပိုမှာ ဘန်ဇီမာရဲ့ ပင်နယ်တီဂိုးနဲ့ ရီးရဲလ်တို့ အနိုင်ရရှိခဲ့ပါတယ်။
ဒီရာသီမှာ ရိုဒရိုင်ဂိုက ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၅၁ ပွဲကစားပေးထားပြီး ၁၆ ဂိုးသွင်းယူထားကာ ခြေစွမ်းပြနေလို့ မန်စီးတီးဘယ်ခြမ်းခံစစ်က ခက်ခက်ခဲခဲထိန်းသိမ်းရဖွယ်ရာရှိနေပါတယ်။