မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်း ဖလားသုံးလုံးဆွတ်ခူးတာကို ဘယ်လိုမှ မကြည့်နိုင်အောင်ဖြစ်ရတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ကာရာဘောင်းဖလားသသာ ဆွတ်ခူးနိုင်ချိန်မှာ မန်စီးတီးကတော့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို တရာသီအတွင်းမှာပဲ ရယူနိုင်ခဲ့တာပါ။
အသက် ၂၅ နှစ်အရွယ် ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ခြေစွမ်းပြကာ ဂိုးပေါင်း ၃၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပြီး မြို့ခံပြိုင်ဘက်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကိုသာ ထိုင်ငေးနေခဲ့ရပြီး သူတို့အသင်းရဲ့ ဖလားသုံးလုံးစံချိန်ကို လိုက်မီတာကိုလည်း ခွင့်ပြုခဲ့ရပါတယ်။
ရက်ရှ်ဖို့ဒ်က "သူတို့ အခုလိုမျိုး အောင်မြင်မှုတာကို မြင်တွေ့ရတာက နှစ်လိုဖွယ်ရာမရှိပါဘူး၊ ဒါပေမယ့်လည်း ဒါက ဘောလုံးပါ၊ အကောင်းဆုံးကစားနိုင်တတဲ့ အသင်းက ဆုဖလားတွေ အများဆုံးရမှာပါပဲ၊ သူတို့က ဒီနှစ်မှာ ဖလားသုံးလုံးရခဲ့ပြီး အရမ်းကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်၊ ကျနော်တို့လည်း အခုပဲကြိုးစားရတော့မှာပါ"
"သူတို့ကို လိုက်မီဖို့ဆိုတာကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်၊ ဒါက အသစ်အဆန်းတော့မဟုတမ်ပါဘူး၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ကြည့်ပါ၊ သူတို့ကလည်း အကောင်းဆုံးကစားနိုင်ခဲ့ကြလို့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ကတော့ အမေရိကန်ကို အလည်အပတ်ခရီးထွက်ခဲ့ပြီး သူ့အတွက် နားနေချိန်လိုအပ်တာကြောင့်လို့ ဆိုပါတယ်။ ပြန်လာာရင်တော့ လာမယ့်ရာသီသစ်အတွက် အကောင်းဆုံးဖြစ်အောင် အားထုတ်ရမှာဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။