ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ဂိုးမရှိသရေကျပြီး အမှတ်လျော့ခဲ့ပေမယ့် သူတို့အသင်းက အခုထိ လီဗာပူးထက် ပိုမိုကောင်းမွန်တဲ့နေရာမှာရှိတုန်းပဲလို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။



အဝေးကွင်းမှာ ကစားခဲ့တဲ့ ပွဲမှာ မန်စီးတီးတို့ အနိုင်ဂိုးရဖို့ ဆက်တိုက်ကြိုးစားခဲ့ပေမယ့် ပွဲပြီးတဲ့အထိ တဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း လီဗာပူးအနေနဲ့ လက်ကျန်ပွဲတပွဲကို အနိုင်ရရှိခဲ့မယ်ဆိုရင် မန်စီးတီးရဲ့နောက် တမှတ်အကွာအထိ လိုက်လံဖိအားပေးနိုင်တော့မှာဖြစ်ပါတယ်။

လက်ကျန်ပွဲ (၉) ပွဲကစားဖို့ ကျန်ရှိနေချိန်မှာ ဒီတမှတ် ကွာဟမှုက ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဘာနာဒိုဆေးလ်ဗားကတော့ “ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကျနော်တို့ ဂိုးသွင်းနိုင်ခဲ့သင့်ပေမယ့် ဂိုးမရခဲ့ပါဘူး။ နောက်ထပ် (၉) ပွဲ ကစားဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့က အခုထိ လီဗာပူးထက် ပိုကောင်းတဲ့၊ ပိုသာတဲ့ နေရာမှာရှိတုန်းပဲလေ”

“နောက်ပြီး လီဗာပူးက ကျနော်တို့အိမ်ကွင်းမှာလည်း လာကစားရဦးမှာပါ။ ဒါက စိတ်လှုပ်ရှားစရာဖြစ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဘာနာဒိုဆေးလ်ဗားက “ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကိုမဆို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရတာက မလွယ်ကူပါဘူး”

“သရေကျတာထက် နိုင်တာက ပိုကောင်းတာပေါ့။ ကျနော်တို့က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး လီဗာပူးကို (၆) မှတ်ဖြတ်ချင်ခဲ့တာပါ။ ခက်ခဲတဲ့ပွဲတပွဲဖြစ်ခဲ့ပြီး ကျနော်တို့ ကစားပုံကောင်းခဲ့ပါတယ်။ ပွဲကို ကျနော်တို့ပဲ ထိန်းချုပ်ခဲ့ပြီး သူတို့က တန်ပြန်တိုက်စစ် တခါနှစ်ခါလောက်ပဲ ပြန်ဆင်နိုင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ ကျနော်တို့ ဂိုးမသွင်းနိုင်ခဲ့ဘဲ အရမ်းစိတ်ပျက်ဖို့ကောင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

Share

က္က