မန်စီးတီးရဲ့ကစားပုံကို အက်သလက်တီကိုဥက္ကဌက ဝေဖန်ခဲ့တာပါ။

အက်သလက်တီကိုဥက္ကဌ ဆီရီဇိုက မနေ့ညက ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဥ်မှာ မန်စီးတီးရဲ့ ကစားပုံနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး မန်စီးတီးက နှစ်ကျော့ပေါင်းရလဒ် ၁-၀ ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်သွားခဲ့ပါတယ်။



ပထမအကျော့ မန်စီးတီးအိမ်ကွင်းမှာတုန်းက အက်သလက်တီကိုက ခံစစ်ကို ဆိုးဆိုးရွားရွားပိတ်ကစားခဲ့ပါတယ်။ မန်စီးတီးက အဲ့ဒီပွဲမှာ ဒီဘရိုင်းရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့သည့်တိုင် အက်သလက်တီကိုရဲ့ ကစားပုံအပေါ် အားလုံးက ဝေဖန်ခဲ့ကြပါတယ်။

ဒုတိယအကျော့မှာတော့ အက်သလက်တီကိုက မဖြစ်မနေအနိုင်လိုအပ်ခဲ့တာကြောင့် တိုက်စစ်ဆင်နိုင်ဖို့ ကြိုးစားခဲ့ပြီး ပွဲကလည်းကြည့်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အက်သလက်တီကိုက မန်စီးတီးဘက်ကို အကြိမ်ကြိမ် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပေမယ့် လိုအပ်နေတဲ့ဂိုးမရခဲ့တာကြောင့် ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

ဒီပွဲမှာ ကစားသွားတဲ့ မန်စီးတီးရဲ့ ကစားပုံကို အက်သလက်တီကိုဥက္ကဌ ဆီရီဇိုက ဝေဖန်ခဲ့သလို အသင်းခေါင်းဆောင် ကိုကီကလည်း မန်စီးတီးကစားသမားတွေ အချိန်ဆွဲလွန်းတယ်လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဆီရီဇိုက “အခြားအသင်းက ကျနော်တို့ကို စော်ကားရမယ့် အနေအထားမျိုးမရှိပါဘူး။ ကျနော်တို့က အများကြီး အဆင့်အတန်းရှိတဲ့အသင်းပါ”

“နောက်ဆုံးမှာတော့ အားလုံးက သူ့သမိုင်းသူရေးတာပါပဲ။ ကျနော်တို့က ပွဲကောင်းတပွဲကို ကစားခဲ့တယ်။ တိုက်စစ်ဆင်ခဲ့ပါတယ်။ မန်စီးတီးက ခံစစ်ကစားခဲ့တယ်။ နောက်ပြီး သူတို့ဂိုးရှေ့မှာ အုတ်နံရံကြီးချပြီး ကစားသလိုမျိုး ပိတ်ဆို့ကစားခဲ့ပါတယ်။ ဒီတော့ သူတို့ကဂိုးမပေးရတော့ဘူးလေ” လို့ ဝေဖန်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဒုတိယအကျော့က ပွဲကြမ်းတပွဲဖြစ်ခဲ့ပြီး ပွဲပြီးခါနီးမှာ အက်သလက်တီကိုနောက်ခံလူ ဖိလစ်ပီ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပွဲအပြီး အဝတ်လဲခန်းသွားရာလမ်းမှာလည်း အက်သလက်တီကို နောက်ခံလူတွေဖြစ်တဲ့ ဗာဆယ်လ်ကို၊ ဆာဗစ်တို့ရဲ့ အပြုအမူဆိုးတွေကြောင့် ယူအီးအက်ဖ်အေက အသင်းအပေါ် အရေးယူဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က