ဂွါဒီယိုလာကတော့ မန်စီးတီးနဲ့ ဆုဖလားအားလုံးကို သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ လက်ရှိအသင်းကနေ ဘယ်အချိန်မှာ ထွက်ခွာမယ်ဆိုတာကို ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဗြိတိန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြလာပါတယ်။ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအတွက် တစ်ရာသီအတွင်း ဆုဖလားသုံးလုံးကို ပူပူနွေးနွေး ရယူပေးထားတဲ့ နည်းပြတစ်ယောက်ဖြစ်ပါတယ်။



ဂွါဒီယိုလာနဲ့ မန်စီးတီးတို့က ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဂွါဒီယိုလာအနေနဲ့ တစ်ရာသီအတွင်း ဆုဖလားသုံးကြိမ်ကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ စပိန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ နိုဝင်ဘာကမှ မန်စီးတီးနဲ့အတူ (၂၀၂၅) ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာပါ။ ဒါပေမယ့်လည်း ဂွါဒီယိုလာကတော့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့နောက်မှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။

ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့နောက် ဂွါဒီယိုလာအတွက် မန်စီးတီးမှာ စွမ်းဆောင်စရာ ကုန်သွားခဲ့ပြီလို့ဆိုနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း သူ့အနေနဲ့ အသင်းမှာ (၉) နှစ်ကြာ ဖြတ်သန်းပြီးရင်တော့ စိန်ခေါ်မှုအသစ် ထပ်မံရှာဖွေဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရှိရပါတယ်။ ဂွါဒီယိုလာအနေနဲ့ ပြင်သစ် ဒါမှမဟုတ် အီတလီမြေကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း ဆိုကြပေမယ့် လက်ရွေးစင်အသင်းတစ်သင်းကိုလည်း ကိုင်တွယ်ဖွယ်ရှိပါတယ်။

ဂွါဒီယိုလာဟာ စပိန်၊ အင်္ဂလန်လက်ရွေးစင်အသင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ နည်းပြလည်းဖြစ်ပါတယ်။ အင်္ဂလန်မြေမှာ နည်းပြဘဝ (၇) နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား (၅) ကြိမ်၊ အက်ဖ်အေဖလား (၂) ကြိမ်၊ ကာရာဘောင်ဖလား (၄) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဒီနည်းပြကြီးက အင်္ဂလန်မြေမှာ အ‌အောင်မြင်ဆုံးနည်းပြတွေထဲက တစ်ယောက်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီလို့ ဆိုရမှာပါ။ 

Share

က္က