မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ လာမယ့်ဘောလုံးရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့အတွက် သေချာသလောက်ရှိနေကြောင်း သိရှိရပါတယ်။ ဒီနည်းပြကြီးဟာ လွန်ခဲ့တဲ့ (၈) နှစ်က မန်စီးတီးကို စတင်ကိုင်တွယ်ခဲ့တာပါ။
ဒီ (၈) နှစ်တာ ကာလအတွင်း မန်စီးတီးက ပရီးမီးယားလိဂ်ကို အပြည့်အဝ လွှမ်းမိုးနိုင်ခဲ့သလို နောက်ဆုံး (၄) နှစ်ဆက် ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံအဖြစ်လည်း အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာလည်း မန်စီးတီးက သူတို့အတွက် ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။
ဒီနောက်ပိုင်းလတွေမှာ ဂွါဒီယိုလာတစ်ယောက် မန်စီးတီးမှာ ဆက်ရှိဖြစ်၊ ဆက်မရှိဖြစ်ဆိုတာကို အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိအနေအထားအရ တိတိပပ ပြောလို့မရသေးပေမယ့် ဂွါဒီယိုလာက လာမယ့်နွေမှာ မန်စီးတီးကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ရာသီ ပြီးဆုံးသွားချိန်မှာ ကလော့ပ်က လီဗာပူးကနေ ထွက်ခွာသွားခဲ့သလို ဂွါဒီယိုလာကလည်း ကလော့ပ်နည်းတူ မန်စီးတီးနည်းပြဘဝ (၉) နှစ်ပြည့်မြောက်ချိန်မှာ အသင်းကနေ ထွက်သွားဖို့ ရည်ရွယ်ထားပုံရပါတယ်။
မဒါပေမယ့်လည်း လာမယ့်တစ်ရာသီ ကိုင်တွယ်ဦးမှာဖြစ်ပြီး အသင်းအတွက် လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ဂွါဒီယိုလာက ပြင်ဆင်ထားပါတယ်။ မန်စီးတီးဟာ အီဒါဆန်၊ ဒီဘရိုင်းတို့ကို လာမယ့်နွေရာသီမှာ လက်လွှတ်ခံသွားဖို့ရှိပြီး လူးကပ်စ်ပါကေတာ၊ ဘရူနိုဂွေမာရေးစ်တို့ကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။