အမှတ်ပေးဖလားအတွက် အဆုံးအဖြတ်ပွဲ နွှဲရတော့မှာပါ။

ဒီနေ့မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် အရေးကြီးတဲ့ ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ အာဆင်နယ်တို့ ကစားကြတော့မှာပါ။ လက်ရှိမှာ အာဆင်နယ်က မန်စီးတီးထက် ၂ပွဲပိုကစားထားပြီး ၅ မှတ်အသာရထားတဲ့ အနေအထားဆိုပေမယ့် လက်ကျန် ၂ပွဲစလုံးကို မန်စီးတီးတို့ နိုင်ခဲ့မယ်၊ ဒီနေ့ပွဲကိုလည်း အနိုင်ရခဲ့မယ်ဆိုရင် မန်စီးတီးကတောင်မှ ၄ မှတ်ပြန်သာသွားဖို့ရှိနေပါတယ်။ ဒီတော့ အာဆင်နယ်အတွက် ဒီပွဲက အရေးမနိမ့်ဖို့လိုအပ်နေသလို မန်စီးတီးအတွက်လည်း မဖြစ်မနေအနိုင်ကစားထားရမယ့်ပွဲဖြစ်လာပါတယ်။ 

ဂွာဒီယိုလာနဲ့ အာတီတာတို့ ဆရာတပည့်နှစ်ဦးရဲ့ ဆုဖလားတိုက်ပွဲလည်းဖြစ်နေလို့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ အာဆင်နယ်က တရာသီလုံးကို ခြေစွမ်းမှန်လာခဲ့ပြီးမှ နောက်ဆုံး ၃ ပွဲဆက်တိုက်သရေကျခဲ့ပြီး မန်စီးတီးကို အခွင့်အရေးတွေ ပေးလိုက်ရပါတယ်။ ရာသီကုန်ခါနီးမှ ခြေချော်လက်ချော်တွေဖြစ်နေသလို ခံစစ်ပိုင်းကလည်း တပွဲကို ၂ဂိုးနှုန်း ပြန်ပြန်ပေးနေခဲ့ရတာက အာတီတာတို့ကို စိုးရိမ်ရေမှတ် ဖြစ်သွားစေခဲ့ပါတယ်။ အခုတော့ အဆုံးအဖြတ်ပွဲကို ကန်ရပါတော့မယ်။ အာတီတာကတော့ အဲလိုပွဲမျိုးမဟုတ်ဘူးဆိုပေမယ့် တကယ်တမ်းကတော့ အဲဒီလိုပဲလို့ အားလုံးကမှတ်ယူထားပါတယ်။

ဒီပွဲအတွက် အာဆင်နယ်ကို ခြောက်လှန့်နေတာက မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၁၄ ပွဲဆက်တိုက် သူတို့အနိုင်မရခဲ့ဘဲ ၁၁ ပွဲအထိ ဆက်တိုက်အရေးနိမ့်ထားခဲ့တဲ့ မှတ်တမ်းဆိုးပါပဲ။ အာဆင်နယ် ခြေစွမ်းအရမ်းကောင်းလာတဲ့ ဒီရာသီမှာတောင် ပထမအကျော့အိမ်ကွင်းမှာ ၁-၃ နဲ့ အရေးနိမ့်ခဲ့တာပါ။ ဂွာဒီယိုလာက သူ့တပည့် အာတီတာကို ဘယ်အချိန်တွေ့တွေ့ အနိုင်ရထားပြီး အခုကလည်း အိမ်ကွင်းမှာ ကစားရဦးမှာမို့ အာဆင်နယ်အတွက် တော်တော်လေးကို မလွယ်ပါဘူး။

ဟာလန်းက ခြေစွမ်းပြနေပြီး တပွဲကို ၂ဂိုးလောက်သွင်းနေချိန် အာဆင်နယ်မှာ အားထားရတဲ့ နောက်ခံလူဆာလီဘာကလည်း မပါဝင်နိုင်ပါဘူး။ ဆာလီဘာမပါနိုင်ချိန် ဂီုးတွေဆက်တိုက်ပေးနေရတဲ့ ခံစစ်က ဟာလန်းကို ဘယ်လိုများထိန်းချုပ်နိုင်ပါ့မလဲဆိုတာကလည်း အများကြီးတွေးနေစရာတောင်မရှိပါဘူး။ အာဆင်နယ်တို့ ခြေကုန်ထုတ်၊ အသားကုန်ကစားမှာ သေချာပေမယ့်လည်း ထိပ်တိုက်တွေ့ဆုံမှုအရ၊ လက်ရှိခြေစွမ်းအရ၊ ကစားသမားအင်အားအရတော့ သရေတမှတ်ရရင်တောင်မှ ကျေနပ်ရမယ့် အနေအထားမှာရှိတယ်လို့ ယူဆမိပါတယ်။ 


Share

Loading Next Article...
က္က