မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာက အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် သူတို့အသင်းအနေနဲ့ အောင်မြင်မှုတွေကို ဆာလောင်နေတုန်းပဲလို့ ပြောဆိုလိုက်ပါတယ်။ စပိန်ဂိုးသမားဟာ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ပွဲချိန်အတွင်း လက်စွမ်းပြကာကွယ်မှုတချို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာ ထုံးစံအတိုင်း မကာကွယ်နိုင်ခဲ့ဘဲ မာ့ချ်ရဲ့ ကန်ချက် ဘားတန်းကျော်သွားလို့သာ ယူနိုက်တက်တို့ အနိုင်ရရှိခဲ့တာပါ။
"ကျနော်တို့ နောက်ထပ်ဗိုလ်လုပွဲတခုကို ရောက်ခဲ့ပါပြီ၊ ဒါပေမယ့် ကြာသပတေးနေ့မှာ စပါးနဲ့ ပွဲကြီးပွဲကောင်းကစားရပါဦးမယ်၊ ဒါကြောင့် အခု အိမ်ကိုပြန်ပြီးတော့ အဲဒီပွဲအမီ ကြံ့ခိုင်မှုပြည့်၀အောင် ကြိုးစားပြီး နောက်ထပ်ပြင်ဆင်ရပါဦးမယ်၊ ဗိုလ်လုပွဲကတော့ လိုပါသေးတယ်၊ ဥရောပရဲ့ အကောင်းဆုံးအသင်းတသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့်လည်း သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာကို ကျနော်တို့ သက်သေပြပြီးသားပါ၊ ဆုဖလားတလုံး ရယူထားနိုင်ပြီး နောက်ထပ်ဗိုလ်လုပွဲကို တက်ရောက်ထားသလို ထိပ်ဆုံးလေးသင်းစာရင်းထဲမှာလည်း ကျနော်တို့ရှိနေပါတယ်"
"ဒီလောက်နဲ့ မလုံလေက်ဘူးဆိုတာ သိပေမယ့် ဒါက ပြီးခဲ့တဲ့ရာသီကထက်စာရင် ရှေ့ကိုတလှမ်းတိုးနိုင်ခဲ့တာပါ၊ ဒီတိုးတက်မှုကို ထိန်းသိမ်းထားရပါမယ်၊ ကျနော်တို့မှာ ပွဲကောင်းတွေကစားဖို့ရှိနေသေးပြီး အသင့်ဖြစ်နေဖို့ လိုပါတယ်" လို့ ဒီဂီယာက ပြောဆိုသွားခဲ့ပါတယ်။ ဒီဂီယာကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိပွဲအများဆုံးဂိုးသမားအဖြစ် ၁၄ ပွဲနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။