မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွေရိုက သူ့အသင်းဟောင်းကို ဒီရာသီ ပရီးမီးယားလိဂ်မှာ အနီးကပ်ဆုံးဒုက္ခပေးနိုင်တဲ့ အသင်းတွေရဲ့ နာမည်ကို ပြောကြားခဲ့ပါတယ်။ အံ့အားသင့်ဖို့ ကောင်းစွာနဲ့ပဲ ဒီအသင်းတွေက ပရိသတ်တွေ ထင်မြင်တာနဲ့ လွဲချော်နေပါတယ်။
လက်ရှိမှာ မန်စီးတီးက ပရီးမီးယားလိဂ်မှာ ဆက်တိုက် အမှတ်လျော့ခဲ့ပြီး အမှတ်ပေးချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ရုန်းကန်နေရပါတယ်။ အာဆင်နယ်က အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး လီဗာပူးကလည်း မန်စီးတီးရဲ့ အထက်မှာ ရပ်တည်နေပါတယ်။
ဒါပေမယ့် ဒီနှစ်သင်းစလုံးကို အဂွေရိုက ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါဘူး။ အဆိုပါ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးဟောင်းကြီးက “ရာသီတစ်ခုရဲ့ ဒီလိုအဆင့်မျိုးမှာ ယူနိုက်တက်ကို ခင်ဗျားတို့ ဘယ်တော့မှလျှော့တွက်လို့ မရပါဘူး။ သူတို့က မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အကြီးမားဆုံး ခြိမ်းခြောက်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းပါ”
“ကျွန်တော့်အထင် စပါးကလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းပါ။ သူတို့က နည်းပြ ပိုစတီဂလူးရဲ့လက်အောက်မှာ အများကြီး တိုးတက်လာခဲ့ပါတယ်။ နယူးကာဆယ်ကလည်း နိမ့်မြင့်တက်ကျတွေရှိနေပေမယ့် သူတို့က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်တဲ့ အခွင့်အရေးရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ကတော့ လက်ရှိမှာ ထိပ်သီးလေးသင်းစာရင်းတောင် မဝင်ဘဲ ရုန်းကန်နေရတာပါ။ ဒါ့အပြင် ယူနိုက်တက်တို့ မန်စီးတီးကို ဒီရာသီ အိမ်ကွင်းမှာ တွေ့ဆုံချိန်ကလည်း ရှုံးနိမ့်ခဲ့ရပါသေးတယ်။