မနက်ဖြန်မှာ ဒါဘီပွဲအဖြစ် အီတီဟတ်မှာ ရင်ဆိုင်ရတော့မှာပါ။

မနက်ဖြန်မှာကစားရတော့မယ့် မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးကို အသာစီးရဖို့အတွက် ဘယ်လိုကစားရမလဲဆိုတာကို ယူနိုက်တက်ယာယီနည်းပြရန်းဂ်နစ်ခ်က ပြောဆိုလိုက်ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာဦးဆောင်နေတဲ့ မန်စီးတီးကို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတဲ့ ယူနိုက်တက်က အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့အတွက် ခက်ခဲတဲ့ပွဲတပွဲဖြစ်လာဖို့ရှိနေပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဟာ မန်စီးတီးကို ပြိုင်ပွဲစုံနောက်ဆုံးအဝေးကွင်း ၃ ပွဲဆက်တိုက် အနိုင်ရရှိထားလို့ ဂွာဒီယိုလာအတွက်တော့ သတိကြီးကြီးထားဖို့တော့ လိုအပ်နေပါသေးတယ်။ လက်ရှိမှာ အပေါ်အသင်းအဖြစ် မန်စီးတီးက သတ်မှတ်ခံထားရပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာ အိမ်ကွင်းပွဲဆို ယူနိုက်တက်ကို အရေးနိမ့်မှုတွေ မကြာခဏရှိနေခဲ့လို့ လျှော့တွက်လို့မရတဲ့ အနေအထားဖြစ်ပါတယ်။ 

ရန်းဂ်နစ်ခ်က "မန်စီးတီးဂိုးသမားအီဒါဆန်က ဗဟိုခံစစ်လူ၊ ပြီးတော့ ခံစစ်အစွန်လူ၊ နံပါတ် ၆ ကစားသမားနေရာတွေကို တက်မဆော့ရုံတမယ်ပါပဲ၊ ကျနော်တို့အတွက်တော့ သူတို့ဆီကနေ ဘောလုံးယူနိုင်မယ့် အခိုက်အတန့်တွေကို ရှာဖွေဖို့ပဲလိုပါတယ်၊ ပြီးတော့ အကူးအပြောင်းလုပ်တဲ့အချိန်တွေမှာ အကောင်းဆုံးလုပ်နိုင်ဖို့လိုအပ်ပါတယ်"

"နောက်ဆုံးမှာ ဒါက ပွဲကိုထိန်းချုပ်နိုင်ဖို့ပါပဲ၊ သူတို့ကို ဖိအားတွေမပေးဘဲနဲ့ ကစားခွင့်ပြုလို့မရပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒါက သူတို့လိုချင်တဲ့ပုံစံဖြစ်ပြီး နေရာလွတ်တွေအများကြီးရှိသွားပါလိမ့်မယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မန်စီးတီးဂိုးသမား အီဒါဆန်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းကွင်းလယ်ပိုင်းထိတောင်မှ ဘောလုံးနဲ့အတူ ဆွဲတက်ပြီး ကစားနေခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရချိန်မှာ ရမှတ်တွေလျော့နည်းနေခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးကတော့ အမှတ်ပေးဖလားအတွက် လီဗာပူးလ်ရဲ့ ဖိအားပေးမှုကို ခံနေရပြီး မနက်ဖြန်ပွဲက သူတို့အတွက် အရေးပါတဲ့ပွဲတပွဲဖြစ်နေပေမယ့် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ရလဒ်တွေအရ ယူနိုက်တက်ကို ခက်ခက်ခဲခဲရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က