မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး မန်စီးတီးနဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး မန်စီးတီးနဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာဒါဘီဖြစ်တာနဲ့အညီ ပွဲစတင်ချိန်ကတည်းက အကြိတ်အနယ် ရှိခဲ့ကြပြီး အပြန်အလှန် တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့်လည်း အိမ်ရှင် မန်ယူနိုက်တက်အသင်းက ၃၄ မိနစ်မှာ အဖွင့်ဂိုးရရှိဖို့ အကောင်းဆုံးအခွင့်အရေးကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနား ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ပြီး ဖာနန်ဒက်စ်က ရက်ရှ်ဖို့ဒ်ကို ထိုးပေးလိုက်ချိန်မှာ ရှေ့တက်ရတာ ဝါသနာကြီးတဲ့ အီဒါဆန်က ဂိုးပေါက်နဲ့ ခပ်ဝေးဝေးကို ထွက်နေတာကြောင့် မန်ယူနိုက်တက်တိုက်စစ်မှူးက အတွင်းဘက်ကို ချိုးဝင်ပြီး ကန်သွင်းခဲ့ချိန်မှာ အကန်းဂျိက ဂိုစည်းပေါ်ကနေ ဂိုးကန်သွင်းမှုကို ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာကြောင့် စီးတီးတို့ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ ဖရက်ဒ်နဲ့ အဲရစ်ဆင်တို့ တစ်ချက်ထိ အမြန်ပေးပြီး ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့်က ရက်ရှ်ဖို့ဒ်ကို ပေးပို့ခဲ့ရာမှာ အင်္ဂလန်တိုက်စစ်မှူးရဲ့ ကန်ချက်ကို မန်စီးတီးဂိုးသမား အီဒါဆန်က ရင်ဘတ်နဲ့ သတ္တိရှိရှိ ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီး အချိန်ပိုမှာ မန်ချက်စတာစီးတီးအသင်း နောက်ခံကစားသမား ကိုင်လီ ဝေါ်ကာ နေရာလွတ် ရှာတွေ့ခဲ့ပြီး ၃၅ ကိုက်အကွာကနေ ကန်သွင်းခဲ့တဲ့ ဘောလုံးက ဒဟေးယားရဲ့ ညာဘက်ဂိုးတိုင်ကို ဘေးကို ပွတ်ကာသီကာ ဝိုက်ထွက်သွားခဲ့တာကြောင့် မန်စီးတီးတို့ ဂိုးရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်အချို့ ပြုလုပ်ခဲ့ကြပေမယ့်လည်း မိနစ် ၆၀ မတိုင်ခင်အထိ ဘယ်ဘက်ကမှ ဂိုးပေါက်ကို ရှာတွေ့ခဲ့ခြင်းမရှိဘဲ ၅၇ မိနစ်မှာ ဂွါဒီယိုလာက ဖီးလ် ဖိုဒန်ရဲ့ နေရာမှာ ဂျက်ခ် ဂရီးလစ်ရှ်ကို လူစားဝင် ကစားပေးခဲ့ပါတယ်။ နောက်ထပ် ၃ မိနစ်အကြာမှာ ဒီဘရိုင်းနားရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို လူစားဝင်လာခဲ့တဲ့ ဂျက်ခ် ဂရီးလစ်ရှ်က လူကပ်ခံထားရခြင်းမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းခုန်တိုက်ပြီး မန်ချက်စတာစီးတီးအသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ဦးဆောင်ဂိုးပေးလိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချေပဂိုး ပြန်လည်သွင်းယူဖို့အတွက် ကြိုးပမ်းလာခဲ့ပြီး ၇၂ မိနစ်မှာ အဲရစ်ဆင်ရဲ့ နေရာမှာ အတိုးအလှုပ်ပိုလုပ်နိုင်တဲ့ ဂါနာချိုကို တန်ဟက်က ထည့်သွင်း ကစားစေခဲ့ပါတယ်။ ၇၈ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ဘရူနို ဖာနန်ဒက်စ်က ကာစီမီရိုရဲ့ ပေးပို့မှုကနေတဆင့် အီဒါဆန်နဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး ရယူပေးခဲ့တာ ဖြစ်ပါတယ်။

ချေပဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် အိမ်ရှင်မန်ချက်စတာယူနိုက်တက်အသင်းဟာ ယုံကြည်မှု ပြန်လည်ရရှိလာခဲ့ပြီး နောက်ထပ် ၄ မိနစ်အကြာမှာ အဲရစ်ဆင်ရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ ဂါနာချိုက ဘယ်တောင်ပံကနေ မြေလှိမ့်ဘော ဖြတ်တင်ပေးပို့ခဲ့မှုကို မားကပ်စ် ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိ ညာခြေနဲ့ ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ၄ မိနစ်အတွင်းမှာ ၂ ဂိုးဆက်တိုက် ခွင့်ပြုခဲ့ရတာကြောင့် တုန်လှုပ်သွားခဲ့ပုံပေါ်ပြီး ချေပဂိုး ပြန်လည်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ၂-၁ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က