အာဆင်နယ်နည်းပြ အာတီတာက မန်စီးတီးကို အနိုင်ယူချင်တယ်ဆိုရင် အသင်းက ဘက်ပေါင်းစုံမှာ မိနစ် (၁၀၀) စာအတွက် အကောင်းဆုံးပုံစံရှိနေဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။ မနက်ဖြန်ညမှာတော့ အာဆင်နယ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားရတော့မှာပါ။
ဒီရာသီအစောပိုင်း ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ အာဆင်နယ်က မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ နောက်ဆုံးမိနစ်သွင်းဂိုးကြောင့် ကံကောင်းခဲ့ပြီး မန်စီးတီးက သာမန်ပွဲချိန်အတွင်း အနိုင်ရရှိဖို့ နီးစပ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အတွက် ထရော့ဆက်ဒ်က နောက်ဆုံးမိနစ် ချေပဂိုး သွင်းယူခဲ့ပြီး ပင်နယ်တီမှာတော့ အာဆင်နယ်က အနိုင်ရသွားခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဆုအတွက် တော်တော်လေးကို အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့ရတာပါ။
အာတီတာကတော့ “ကွန်မြူနတီဒိုင်းပွဲမှာ အနိုင်ရခဲ့တာက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါ။ မန်စီးတီးကို အနိုင်ယူပြီး ရခဲ့တဲ့ အောင်မြင်မှုကို တန်ဖိုးထားရပါမယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံ၊ ယုံကြည်ချက်နဲ့ဆိုရင် ကျွန်တော်တို့ မန်စီးတီးကို အနိုင်ကစားနိုင်ပါတယ်။ သေချာတာ တစ်ခုရှိပါတယ်”
“ကျွန်တော်တို့နေရာစုံမှာ မိနစ် (၁၀၀) လောက်အထိ အကောင်းဆုံးပုံစံပြနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါဆိုရင်တော့ ကျွန်တော်တို့အတွက် အခွင့်အရေးရှိလာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းအဖြစ် ရပ်တည်နေပြီး ဒီရာသီရဲ့ အခက်ခဲဆုံး စမ်းသပ်မှုတစ်ခုအနေနဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။