အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂျ်က ယူနိုက်တက်အနေနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးရဲ့ ဖလားသုံးလုံးအိပ်မက်ကို တားဆီးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဘရိုက်တန်ကို ပင်နယ်တီအဆုံအဖြတ်နဲ့ အနိုင်ယူကာ အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီးနောက် မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 

မန်စီးတီးကတော့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကောင်းတွေရှိနေကာ တရာသီအတွင်း ဖလား ၃ လုံးအိပ်မက်ကို မက်နေတာဖြစ်ပါတယ်။ အင်္ဂလန်မှာ ဒီလိုစွမ်းဆောင်ရည်မျိုးကို ယူနိုက်တက်တသင်းတည်းကသာ လုပ်ပြထားနိုင်ခဲ့ဖူးပြီး မန်စီးတီးက အလားတူလိုက်လံလုပ်ပြနိုင်မယ့် အခွင့်အရေးကို မပေးနိုင်ဘူးလို့ တန်ဟက်ဂျ်က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 

"ယူနိုက်တက်ပရိသတ်တွေဆီက ခံစားချက်ကို ကျနော်ကောင်းကောင်းသိပါတယ်၊ ဒီပွဲနဲ့ပတ်သက်ပြီးတော့ပေါ့၊ မန်စီးတီးကို အနိုင်ရရှိဖို့အတွက် ကျနော်တို့ ပေးနိုင်သမျှအရာအားလုံးပေးပြီးတော့ ကစားသွားမှာပါ၊ ပြီးတော့ ဒီရာသီအတွက် ဒုတိယမြောက်ဆုဖလားကိုလည်း ရယူချင်တယ်၊ ကျနော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်အထိ ကြိုးစားသွားမှာပါ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကလည်း ဒီလိုဖြစ်လာဖို့အတွက် ကြိုးစားကြမှာပါ"

"ကျနော်တို့ ဒါကို လုပ်နိုင်ပါတယ်၊ ဒါပေမယ့် လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ မန်စီးတီးက အရမ်းကောင်းမွန်တဲ့ အသင်းတသင်းဖြစ်နေလို့ပါပဲ၊ သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာကို ပရီးမီးယားလိဂ်မှာ ကျနော်တို့ သက်သေပြထားပြီးပါပြီ၊ အဲဒီပွဲက ဒီရာသီ ကျနော်တို့ရဲ့ ပြီးပြည့်စုံတဲ့ ပွဲပါ၊ နောက်တကြိမ် ဒီလိုမျိုးထပ်လုပ်နိုင်ဖို့ ကြိုးစားသွားရပါမယ်" လို့ တန်ဟက်ဂျ်က ပြောဆိုခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ ၁၉၉၉ တုန်းက ဆုဖလား ၃ လုံး တပြိုင်နက်တည်းဆွတ်ခူးနိုင်ခဲ့ပြီး အင်္ဂလန်မှာ ဒီလိုမျိုးလုပ်ပြနိုင်တဲ့ တခုတည်းသောအသင်းအဖြစ် ရပ်တည်နေခဲ့တာပါ။ လာမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲအတွက် အနိုင်ရဖို့ ရေပန်းစားမှုမှာတော့ မန်စီးတီးက ၇၅% အထိ ရှိနေပါတယ်။ 


Share

Loading Next Article...
က္က