မန်စီးတီးနဲ့ ရော်နယ်ဒိုတို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ခဲ့ချိန်မှာ ယူနိုက်တက်ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရပါသေးတယ်။
နွေရာသီစျေးကွက်အတွင်း ရော်နယ်ဒိုဟာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးလို့ နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ ကစားသမားရဲ့အေးဂျင့်ဂျော့မန်ဒက်စ်က အသင်းအနည်းငယ်နဲ့ ချိတ်ဆက်စကားပြောဆိုမှုတွေရှိခဲ့ရာမှာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက်မန်စီးတီးလည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ကာ အီတီဟတ်ကိုပြောင်းရွှေ့ဖို့ ရေပန်းစားခဲ့ပေမယ့် အဆုံးမှာ ယူနိုက်တက်ကို ပြန်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မန်စီးတီးနဲ့ ရော်နယ်ဒိုကို တွဲမြင်ရမယ့်အနေအထားဟာ ကြောက်စရာကောင်းလားလို့ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ဆိုးလ်ရှားက "အဲဒီလို အလားအလာမျိုးရှိခဲ့မယ်လို့ ကျွန်တော်မထင်ဘူး" လို့ တုံ့ပြန်ခဲ့ပါတယ်။ မန်စီးတီးကို ရော်နယ်ဒိုပြောင်းရွှေ့မယ့်အလားအလာလည်း မရှိခဲ့ဘူးလို့ သူထင်ကြောင်း ဆိုးလ်ရှားက ထပ်ပြောခဲ့ပါတယ်။
ဂျော့မန်ဒက်စ်ဟာ သူ့ကစားသမားအတွက် အသင်းသစ်တွေရှာဖွေခဲ့ရာမှာ ဥရောပထိပ်သီးကလပ်တွေ ပါဝင်ခဲ့ပါတယ်။ တဖက်မှာ မန်စီးတီးက ဟယ်ရီကိန်းကို ထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်ကာ ကြိုးစားနေခဲ့ပေမယ့် စပါးက ရောင်းချမှာမဟုတ်ဘူးလို့ ကြေညာခဲ့ကာ ကစားသမားလည်း အသင်းမှာဆက်ရှိမယ်လို့ အတည်ပြုခဲ့လို့ မန်စီးတီးဟာ ရော်နယ်ဒိုကို ပြန်ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း ဖာဂူဆန်က ဒီအပြောင်းအရွှေ့မှာ ပါဝင်လာခဲ့ပြီးနောက် ရော်နယ်ဒိုက အိုးထရက်ဖို့ဒ်ကို ပြန်ရောက်လာခဲ့ပါတယ်။ တိုတောင်းတဲ့နာရီအနည်းငယ်အတွင်း အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။