အင်တာမီလန်တို့ ပုံစံကောင်းပြနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ပါတယ်။

အင်တာမီလန်နည်းပြ အင်ဇာဂီက မနေ့ညက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးကို တစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းသားတွေအတွက် ဂုဏ်ယူကြောင်း၊ ဒါပေမယ့် ရှုံးနိမ့်မှုက ထိုက်တန်မှုမရှိဘူးဆိုတာ ရှင်းလင်းကြောင်း ပြောကြားခဲ့ပါတယ်။ အင်တာမီလန်က ဒီပွဲမှာ မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ မန်စီးတီးကို ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပါတယ်။



ပွဲမတိုင်ခင်မှာ မန်စီးတီးကသာ ပွဲကို စိတ်တိုင်းကျ လွှမ်းမိုးချယ်လှယ်သွားပြီး ဂိုးပြတ်အနိုင်ယူသွားဖို့အထိ အချို့ပရိသတ်တွေက ယူဆခဲ့ကြတာပါ။ ဒါပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာတော့ မန်စီးတီးကစားသမားတွေက အချိတ်အဆက်နဲ့ နားလည်မှုတွေ ပျက်စီးနေခဲ့ပြီး အင်ဇာဂီရဲ့အသင်းက စုစည်းမှုရှိရှိ တုံ့ပြန်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲကို အဆုံးအဖြတ်ပေးနိုင်မယ့် အခွင့်အရေးတွေကို အင်တာမီလန် ကစားသမားတွေဖြစ်တဲ့ ဒီမာကို၊ အမ်ဘရိုစီယို၊ လူကာကူတို့ အသုံးမချနိုင်ခဲ့ဘဲ မန်စီးတီးက ကွင်းလယ်လူ ရိုဒရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ အင်ဇာဂီက “စိတ်ပျက်တာကတော့ ပုံမှန်ကိစ္စပါပဲ။ အားကစားလောကမှာ အရှုံးဆိုတာက အဆိုးရွားဆုံးအရာဖြစ်ပါတယ်”

“တစ်ချိန်တည်းမှာပဲ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ ဒီရာသီ စွမ်းဆောင်မှုနဲ့ အခု ဗိုလ်လုပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ဘက်အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ရှုံးနိမ့်ဖို့ မထိုက်တန်ဘူးဆိုတာကလည်း ရှင်းလင်းတဲ့ကိစ္စရပ်တစ်ခုပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

အင်ဇာဂီအတွက်တော့ အခုချန်ပီယံလိဂ် ဗိုလ်လုပွဲအရှုံးက အင်တာမီလန်နည်းပြဘဝမှာ ပထမဆုံးသော ဗိုလ်လုပွဲအရှုံးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နည်းပြဘဝ နောက်ဆုံး ဗိုလ်လုပွဲ (၈) ကြိမ်မှာ ပထမဆုံးသော အရှုံးနဲ့ အခု ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က