အာဆင်နယ်နဲ့ မန်စီးတီးတို့ ပြိုင်ဆိုင်တုန်းက ယူနိုက်တက်ပရိသတ်တချို့က မန်စီးတီးကို အားပေးခဲ့ပါတယ်။

အက်ဖ်အေဖလားပွဲမှာ မန်စီးတီးက ယူနိုက်တက်ကို အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တဦးက သူတို့အသင်းနဲ့ မန်စီးတီးတို့ ပရီးမီးယားလိဂ်ဖလားအတွက် အပြိုင်ဖြစ်နေချိန်မှာ ယူနိုက်တက်ပရိသတ်တွေက မန်စီးတီးကို အားပေးခဲ့ကြတာကို ပြန်ပြောင်းပြောဆိုရင်း အက်ဖ်အေဖလားဗိုလ်လုပွဲကို ရှုံးတဲ့အပေါ် ခံစားမနေနဲ့လို့ လှောင်ပြောင်သွားခဲ့ပါတယ်။ 

PaddyArsenal ဆိုတဲ့ တွစ်တာအကောင့်က "ယူနိုက်တက်ပရိသတ်တွေက ဘာကို ဝမ်းနည်းနေတာလဲ၊ မင်းတို့ တရာသီလုံး မန်စီးတီးကို အားပေးခဲ့ကြတာမဟုတ်ဘူးလား" လို့ ရေးသားခဲ့တာပါ။ အာဆင်နယ်ကို အမှတ်ပေးဖလားမဆွတ်ခူးနိုင်အောင် ယူနိုက်တက်ပရိသတ်တချို့က မန်စီးတီးကို အမှန်တကယ်အားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ 

အဆိုပါအာဆင်နယ်ပရိသတ်ရဲ့ ပို့စ်အောက်မှာ လီဗာပူးလ်ကစားသမားဟောင်းဂျင်မီကာရေဂါက "ပြီးခဲ့တဲ့ ဘောလုံးရာသီ ၅ ရာသီလုံး သူတို့ မန်စီးတီးကို အားပေးခဲ့ကြတာ" လို့ ရေးသားကာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ အပြိုင်ဖြစ်နေတုန်းကလည်း ယူနိုက်တက်ပရိသတ်တွေက မန်စီးတီးကိုပဲ အားပေးခဲ့ကြတာဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။ 

ကာရေဂါနဲ့ အာဆင်နယ်ပရိသတ်က အတိုင်အဖောက်ညီနေခဲ့ပြီး အခွင့်အရေးရချိန်မှာ ယူနိုက်တက်ပရိသတ်တွေကို ထိုးနှက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ မနေ့ညက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့ပြိးနောက် အာဆင်နယ်နဲ့ လီဗာပူးလ်ပရိသတ်တချို့ကလည်း ယူနိုက်တက်ပရိသတ်တွေကို လှောင်ပြောင်ကာ အောင်ပွဲခံခဲ့ကြပါတယ်။ 

ဒါဟာ ဒီအသင်းတွေကြား ပြိုင်ဆိုင်မှုပြင်းထန်ပုံနဲ့ ခါးသီးမှုတွေကို ပေါ်လွင်စေခဲ့တာလည်းဖြစ်ပါတယ်။ ကိုယ်အားပေးတဲ့အသင်း မအောင်မြင်ခဲ့ဘူးဆိုရင် ပြိုင်ဘက်အသင်းကိုလည်း အောင်မြင်မှုမရစေချင်ဘဲ အခြားအသင်းကို အားပေးလေ့ရှိတဲ့ သဘောသဘာ၀လည်း ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က