ဟာလန်းတယောက် ဂိုးသွင်းခြေစွမ်းပြသခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ နော်ဝေနဲ့ဆွီဒင်တို့ရဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ နော်ဝေက ဆွီဒင်ကို အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာလည်း နော်ဝေအတွက် ဟာလန်းက ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရရှိခဲ့တဲ့ (၃) ဂိုးလုံးက သူ့ကြောင့်ရရှိခဲ့တာပါ။



ဟာလန်းက နော်ဝေအတွက် ပင်နယ်တီတလုံးအပါအဝင် (၂) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးခဲ့တာဖြစ်ပြီး မန်စီးတီးကို မရောက်ခင် နောက်ဆုံးပွဲစဥ်တွေမှာ အကောင်းဆုံးဂိုးသွင်းခြေစွမ်းပြခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဟာလန်းဟာ ဒီနှစ် ကစားပြီးတဲ့ နေးရှင်းလိဂ်အုပ်စုပွဲ (၄) ပွဲမှာ နော်ဝေအတွက် (၅) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လာမယ့် ဇူလိုင် (၁) မှာ ဟာလန်းက မန်စီးတီးရဲ့တရားဝင်ကစားသမားဖြစ်လာဖို့ရှိနေပြီး ဒီမတိုင်ခင် အခုလိုမျိုးပဲ လက်ရွေးစင်နဲ့အတူ သွင်းဂိုးတွေရရှိခဲ့တာက ဟာလန်းနဲ့ မန်စီးတီးပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ဟာလန်းဟာ ဆဲလ်ဘာ့ဂ်၊ ဒေါ့မွန်တို့မှာ လေးစားလောက်စရာ ဂိုးသွင်းခြေစွမ်းတွေကို ပြသခဲ့တာဖြစ်ပြီး တပွဲပျမ်းမျှ တဂိုးနှုန်းလောက်အထိကို သွင်းယူနိုင်ခဲ့တာပါ။

ဟာလန်းအနေနဲ့ ဒီလိုမျိုး ဂိုးသွင်းခြေစွမ်းပြနေတယ်ဆိုပေမယ့် ဒေါ့မွန်က သူ့ရဲ့ ဒဏ်ရာမှတ်တမ်းအပေါ် စိုးရိမ်နေသူတွေတော့ရှိပါတယ်။ ဒါပေမယ့် ဒီကစားသမားရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ကြီးကြီးမားမား စိုးရိမ်စရာတော့ မရှိပါဘူး။ အဆုံးသတ်သေချာမှု၊ ရွေ့လျားပုံကောင်းမွန်မှုတို့နဲ့အတူ ပြေးအား၊ ရုန်းအားလည်းကောင်းတဲ့ ဟာလန်းနဲ့ပတ်သက်လို့ မန်စီးတီးတိုက်စစ်က လာမယ့်ရာသီမှာ တော်တော်လေး ရင်ခုန်ဖို့ကောင်းနေဦးမှာပါ။ 

Share

Loading Next Article...
က္က