မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ပွဲမှာ အာဆင်နယ်က မာတီနယ်လီရဲ့ တစ်လုံးတည်းသော နောက်ကျသွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အတွက် မန်စီးတီးကို ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၁၂) ပွဲဆက်ရှုံးနိမ့်ပြီးမှ ပြန်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲက ပရိသတ်တွေအတွက် ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပွဲအပြီးမှာလည်း ဝေါ်လ်ကာနဲ့ အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေ ပြဿနာဖြစ်ပွားခဲ့ကြပါသေးတယ်။ ဒါ့အပြင် မန်စီးတီး လူငယ်ကြယ်ပွင့်လေး ရီကိုလူးဝစ်ကလည်း ကွင်းအတွင်းက အာဆင်နယ်ပရိသတ်တွေကို လှောင်ပြောင်သွားခဲ့ပါတယ်။
လူးဝစ်ဟာ သူ့ရဲ့ ဂျာစီပေါ်က ရွှေရောင် ပရီးမီးယားလိဂ် တံဆိပ်ကို ထောက်ပြသွားခဲ့တာဖြစ်ပြီး သူတို့က ပရီးမီးယားလိဂ်ချန်ပီယံတွေဖြစ်ကြောင်း ရည်ညွှန်းခဲ့တာပါ။ မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံး (၃) နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်နဲ့အပြိုင်ဖြစ်ခဲ့တာပါ။ အာဆင်နယ်က အမှတ်ပေးဇယားကို တောက်လျှောက် ဦးဆောင်ခဲ့ပေမယ့် ရာသီသိမ်းခါနီးမှာ အာဆင်နယ်ရဲ့ ခြေချော်မှုကို မန်စီးတီးက အခွင့်ကောင်း ယူသွားခဲ့တာပါ။
ဒီနှစ်မှာလည်း အာဆင်နယ်ရော၊ မန်စီးတီးရောက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ မနေ့ညက အာဆင်နယ်တို့ မန်စီးတီးကို အနိုင်ယူလိုက်တာကြောင့် လက်ရှိအမှတ်ပေးဇယား ရပ်တည်မှုမှာတော့ အာဆင်နယ်က မန်စီးတီးရဲ့အထက်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။