ဘောလုံးရုပ်သံဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်က တန်ဟက်ခ်အနေနဲ့ မန်စီးတီးကိုသာ အနိုင်ယူပြီး အက်ဖ်အေဖလား ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တယ်ဆိုရင် သူ့ကို သူရဲကောင်းအဖြစ် သတ်မှတ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားပါပြီ။
ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိဖို့တောင်မှ မသေချာတဲ့ အနေအထားမျိုးကို ရောက်ရှိနေပြီး နည်းပြရာထူးတည်မြဲဖို့အတွက်တောင် ဖိအားတော်တော်လေး များပြားနေတာပါ။ ဒါပေမယ့် အက်ဖ်အေဖလားမှာတော့ တန်ဟက်ခ်ရဲ့ ယူနိုက်တက်က ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ထားပါတယ်။
ဗိုလ်လုပွဲမှာ ယူနိုက်တက်က မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ နှစ်နှစ်ဆက်တိုက်အဖြစ် တွေ့ဆုံရမှာပါ။ ဒါနဲ့ပတ်သက်လို့ ပေါလ်မာဆင်က “ဒီနောက်ပိုင်းပွဲရလဒ်တွေ၊ ပဲလေ့စ်နဲ့ပွဲ ရလဒ်တွေအရ ကျွန်တော်ပြောချင်တာက ယူနိုက်တက်တို့ မန်စီးတီးကို အက်ဖ်အေဖိုင်နယ်မှာသာ နိုင်အောင်ကန်နိုင်မယ်ဆိုရင် တန်ဟက်ခ်က သူရဲကောင်းဖြစ်သင့်ပါတယ်”
“သူ သေချာပေါက် သူရဲကောင်းဖြစ်သင့်ပါတယ်။ ကျွန်တော် အပိုတွေ ပြောနေတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက တကယ့်ကို ဒဏ္ဍာရီဆန်ဆန် စွမ်းဆောင်ပြတာမျိုးဖြစ်လို့ပါ။ ယူနိုက်တက်သာ မန်စီးတီးကို အနိုင်ကန်နိုင်မယ်ဆိုရင် ဒါက တကယ့်ကို ဒဏ္ဍာရီဆန်တဲ့ ကိစ္စပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအတွက် အားစိုက်နေပြီး စပါး၊ ဝက်စ်ဟမ်းတို့ကို အနိုင်ကစားဖို့ ကျန်ရှိပါသေးတယ်။ ယူနိုက်တက်ကတော့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘဲ အက်ဖ်အေဖိုင်နယ်အတွက်သာ ရုန်းကန်ရတော့မှာပါ။