မန်စီးတီးကစားပုံကို ပြန်လည်ဝေဖန်သွားခဲ့တာပါ။

အက်သလက်တီကိုအသင်းခေါင်းဆောင် ကိုကီက မန်စီးတီးကစားသမားတွေရဲ့ အချိန်ဆွဲကစားမှုကြောင့် အက်သလက်တီကို ကစားသမားတွေ ဒေါသပေါက်ကွဲခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ မနေ့ညက ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် အက်သလက်တီကိုတို့ မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပါတယ်။



ဒီပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး ပွဲပြီးဆုံးခါနီးမှာတော့ လဲကျနေတဲ့ ဖိုဒန်ကို ဆာဗစ်က အတင်းအဓမ္မဆွဲထူဖို့ ကြိုးစားရင်း နှစ်ဖက်အသင်းကစားသမားတွေအကြား ရန်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ အစပြုခဲ့တဲ့ အက်သလက်တီကိုနောက်ခံလူ ဖိလစ်ပီလည်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီရန်ပွဲက ပွဲပြီးလို့ အဝတ်လဲခန်းထဲ သွားတဲ့လမ်းအထိ မပြီးဆုံးခဲ့ဘဲ ဗာဆယ်လ်ကို၊ ဆာဗစ်တို့က မန်စီးတီး ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို စိန်ခေါ်ရန်ပြုဖို့ ကြိုးစားခဲ့ကြတာကိုလည်း ဗီဒီယိုမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အက်သလက်တီကို ကစားသမားတွေရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။

ဒါပေမယ့် ကိုကီကတော့ ဒီဖြစ်ရပ်တွေအတွက် အသင်းကို ကာကွယ်ပြောကြားခဲ့ပါတယ်။ ကိုကီက “ဘာတွေဖြစ်ခဲ့လဲ ကျနော် မသိလိုက်ပါဘူး။ ရန်ပွဲစဖြစ်တဲ့အချိန်မှာ ကျနော်က အရံခုံမှာ ရှိနေတာပါ။ ခင်ဗျားက အခွင့်အရေးတွေရှိနေတယ်၊ ဒါပေမယ့် ပြိုင်ဘက်က မြေကြီးပေါ်ပစ်လှဲပြီး အချိန်ဆွဲနေတယ်ဆိုရင် ဒေါသထွက်လာမှာပါ”

“သူတို့တွေက ကျနော်တို့ကို ဒီအကြောင်းနဲ့ပတ်သက်လို့ အကြိမ်ပေါင်းများစွာ ဝေဖန်ခဲ့ကြပါတယ်။ အခု မန်စီးတီးက ဒီနေ့ ဒါမျိုးလုပ်တော့ ဘယ်လိုပြောကြမလဲ စောင့်ကြည့်တာပေါ့ဗျာ။ အခုက ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲလေ။ အက်သလက်တီကိုက အကြိမ်ပေါင်းများစွာ အချိန်ဆွဲလို့ ဝေဖန်ခံခဲ့ရပေမယ့် ဒီနေ့မှာတော့ ကျနော်တို့အသင်း စွမ်းဆောင်ခဲ့တာတွေအတွက် ဂုဏ်ယူပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က