စတာလင်ကို ယူနိုက်တက်နဲ့လီဗာပူးတို့ အပြိုင်ခေါ်ယူဖို့ ဖာဒီနန်ကတိုက်တွန်းလိုက်တာပါ။
ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင်ကို ယူနိုက်တက်တို့ ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ အံ့အားသင့်ဖွယ်ပြောကြားလာပါတယ်။


(၂၀၁၅) မှာ လီဗာပူးအသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေးပေါင်သန်း (၅၀) နဲ့ ရောက်ရှိလာခဲ့တဲ့ စတာလင်ဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် အဓိကအားကိုးရတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် လက်ရှိရာသီမှာတော့ မန်စီးတီးအတွက် (၂) ပွဲသာ ပါဝင်ကစားခွင့်ရရှိထားသေးတာပါ။ အသက် (၂၆) နှစ်အရွယ် ဒီကစားသမားရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဖာဒီနန်ကစိုးရိမ်နေပြီး သူ့ကိုခေါ်ယူဖို့ကြိုးစားလာမယ့် အသင်းတွေကို အခုလိုပဲပြောကြားခဲ့ပါတယ်။

ဖာဒီနန်က “ကျွန်တော်သာ လီဗာပူးကဆိုရင် မနက်ဖြန်ပဲ စတာလင်ကို ဝယ်မှာပါ။ နောက်ပြီး ကျွန်တော်က စတာလင်သာဆိုရင်လည်း အခုချိန်မှာ ဘာစီလိုနာတို့ ရီးရဲယ်မက်ဒရစ်တို့ကို မသွားပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်က လီဗာပူးလို့ ပြောတာပေါ့။ နောက်ပြီး ယူနိုက်တက်ကလည်း စတာလင်ကို ခေါ်ယူဖို့ ကြိုးစားပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

စတာလင်ရဲ့ လက်ရှိအနေအထားနဲ့ပတ်သက်လို့လည်း ဖာဒီနန်က “စတာလင်က ဘယ်ရောက်နေတာလဲ? သူက သူ့ကိုယ်သူယုံကြည်ချက်ပျောက်ဆုံးနေပါတယ်။ ဒါကဘာကြောင့်လဲဆိုတော့ အသင်းကနေ ဖယ်ထားခံရလို့ပါ။ အသင်းက ဂိုးလိုအပ်ပြီဆိုရင် သူကချက်ချင်းအသင့်ရှိနေခဲ့ပေမယ့် အခုချိန်မှာ ရုတ်တရက်ကြီး အရာအားလုံးက အရိုင်းဆန်သွားခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ စပါးတိုက်စစ်မှူး ဟာရီကိန်းကိုခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ မန်စီးတီးဟာ ဟာရီကိန်းရဲ့အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် စတာလင်ကိုထည့်သွင်းကမ်းလှမ်းဖို့ ကြိုးစားခဲ့သေးပေမယ့် စတာလင်ကိုယ်တိုင်က စပါးကိုပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Share

က္က