ဘာစီလိုနာကို ဒီနွေရာသီမှာပြောင်းရွှေ့ဖို့အတွက် မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက သူ့ရဲ့အေးဂျင့်ဖြစ်သူကိုမီးစိမ်းပြခဲ့တယ်လို့ သိရပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့်လည်း သူ့ရဲ့ကစားသမားဘ၀အတွက် နောက်ထပ်အခန်းကဏ္ဍသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် နူးကမ့်ကိုပြောင်းရွှေ့ချင်နေတယ်လို့ စပိန်သတင်းစာ SPORT က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘာနာဒိုဆေးလ်ဗားအတွက် ပေါင် ၈၆ သန်းအထိ ပေးချေရဖို့ရှိနေတာက ဘာစီလိုနာကို ကြီးမားတဲ့အခက်အခဲတခုဖြစ်နေစေပါတယ်။ ဘဏ္ဍာရေးပြသနာတွေရှိနေလို့ ဘာစီလိုနာဟာ အသစ်ခေါ်ယူထားတဲ့ ခရစ္စတီယန်ဆန်နဲ့ ကက်ဆီတို့ကိုတောင် မှတ်ပုံတင်စာရင်းသွင်းခြင်းမလုပ်နိုင်သေးဘဲရှိနေကာ အသင်းရဲ့ ကစားသမား ၈ ဦးအထိကို ရောင်းချဖို့ ကြိုးစားနေရပါတယ်။
အသက် ၂၇ နှစ်အရွယ် ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအတွက် ၂၄၉ ပွဲကစားပြီး သွင်းဂိုး ၄၈ ဂိုးနဲ့ ဖန်တိးမှု ၅၀ ကြိမ်အထိပြုလုပ်ထားပေးနိုင်ခဲ့ကာ အမှတ်ပေးဖလား ၄ လုံးကို ၅နှစ်အတွင်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကစားသမားဘက်က လာမယ်ဆိုရင်တောင်မှ ဝယ်ယူဖို့အတွက် ငွေကြေးအင်အားမရှိတာက ဘာစီလိုနာအတွက် တော်တော်လေးကို နစ်နာမှုတခုလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဒီဂျောင်ကို ဝယ်ယူဖို့ ယူနိုက်တက်ကကြိုးပမ်းနေပြီး အဆိုပါရောင်းချမှုကရရှိမယ့် ငွေကြေးနဲ့ဆိုရင်တော့ ဘာနာဒိုဆေးလ်ဗားကို သူတို့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂျောင်ကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ ဘာကာဥက္ကဌလာပေါ်တာက ပြောဆိုထားပြီး ဆေးလ်ဗားကိုခေါ်ယူရာမှာ အရစ်ကျပေးချေနိုင်မယ့်ပုံစံမျိုးနဲ့ရရှိအောင် အားထုတ်လာဖွယ်ရာရှိနေပါတယ်။