ဘာနာဒိုဆေးလ်ဗားပါ ဆော်ဒီပြောင်းဖို့ သတင်းထွက်လာတာပါ။

လီဗာပူးဂန္တဝင်ဟောင်း ကာရေဂါက မန်စီးတီးကြယ်ပွင့် ဘာနာဒိုဆေးလ်ဗားအနေနဲ့ ဆော်ဒီအာရေဗျကို မပြောင်းရွှေ့သင့်ကြောင်း သတိပေးတားမြစ်ခဲ့ပါတယ်။ ဆော်ဒီဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဥရောပက နာမည်ကျော် ကစားသမားတွေကို ငွေကြေးအလုံးအရင်း အသုံးပြုပြီး ခေါ်ယူလျက်ရှိပါတယ်။



ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့တဲ့ ဆော်ဒီပရိုလိဂ်ဟာ လက်ရှိနွေရာသီမှာလည်း ဘန်ဇီမာ၊ ကန်တေတို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း ဥရောပထိပ်တန်း ကစားသမားတွေကို ဆွဲဆောင်နေဆဲဖြစ်ပြီး ချဲလ်ဆီးက ဇီယက်ချ်၊ မန်ဒီတို့လည်း ဆော်ဒီလိဂ်ကို ထပ်မံ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

ဆော်ဒီရဲ့ ဒီလုပ်ရပ်ဟာ ငွေကြေးအလုံးအရင်းကို အသုံးပြုပြီး သူတို့ရဲ့ နိုင်ငံရေးပုံရိပ်ဆိုးကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလို့ ယုံကြည်နေသူတွေရှိပါတယ်။ ဒီအထဲမှာ ကာရေဂါလည်း ပါဝင်နေပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးရဲ့ အဓိက ကစားသမား ဘာနာဒိုဆေးလ်ဗားကို ဆော်ဒီလိဂ်ထံ မပြောင်းရွှေ့ဖို့ တားမြစ်ခဲ့တာဖြစ်ပါတယ်။

ကာရေဂါက “ဘာနာဒိုဆေးလ်ဗားက အခုမှ အသက်အရွယ်အရ အကောင်းဆုံး အချိန်ဖြစ်နေပြီး နောက်ဆုံး (၅) နှစ်အတွင်း ဥရောပမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆော်ဒီလိဂ်က အသက် (၃၀) ဝန်းကျင် ကစားသမားတွေကို ခေါ်တဲ့အပေါ် ကျွန်တော် မစိုးရိမ်ပါဘူး။ ဒါပေမယ့် ထိပ်တန်းအဆင့် ကစားသမားတွေ (နာဗက်စ်တို့လို) ကို ခေါ်ယူတာက စိုးရိမ်စရာပါ”

“ဒါက ပွဲတစ်ပွဲကို အလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။ ဆော်ဒီက ဂေါ့ဖ်၊ လက်ဝှေ့နဲ့ အခု ဘောလုံးမှာလည်း သိမ်းပိုက်ချင်နေကြပါတယ်။ ဒီလိုမျိုး Sports Washing ကို ရပ်တန့်ဖို့ လိုအပ်ပါတယ်” လို့ ပရီးမီးယားလိဂ်၊ ယူအီးအက်ဖ်အေတို့ကို Mention ခေါ်ပြီး တွစ်တာပေါ်မှာ ပြောကြားခဲ့ပါတယ်။ ဥရောပထိပ်တန်းအသင်းအချို့ အလိုရှိခဲ့တဲ့ ဝုလ်ဗ်ကွင်းလယ်လူ ရူဘင်နီဗက်စ်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့သွားခဲ့တာကြောင့် ဘာနာဒိုဆေးလ်ဗားနဲ့ ပတ်သက်လို့ ကာရေဂါက အခုလိုပဲ သတိပေးသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က