လိုက်ဇစ်နဲ့ အဝေးကွင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို ကစားခဲ့ရတဲ့ မန်ချက်စတာစီးတီးဟာ ၁-၁ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပြီး ဒုတိယအကျော့အိမ်ကွင်းမှာ ရုန်းကန်ရဦးမှာဖြစ်ပါတယ်။ ပွဲချိန်အစောပိုင်းမှာ မာရက်ဇ်ရဲ့ ဂိုးနဲ့ မန်စီးတီးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်း နောက်ဆုံးအပိုင်းအခြားမှာတော့ ဂျီဗာဒီရယ်လ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။
မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု၊ ကစားကွက်ပိုင်းအရ အသာစီးရခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။ ဒါပေမယ့် ဂိုးပေါက်တည့်မှုမှာ ၃ ကြိမ်တည်းသာရှိခဲ့ပြီး လိုက်ဇစ်ကတောင် ၄ ကြိမ်အထိ ရှိခဲ့ပါတယ်။ မန်စီးတီးက သိသိသာသာအသာစီးရယူနိုင်ခဲ့တာမျိုး မရှိခဲ့ဘဲ လိုက်ဇစ်က တိုက်စစ်ဆင်လာချိန်တိုင်းမှာ သူတို့လည်း ခက်ခက်ခဲခဲနဲ့ ကာကွယ်နေခဲ့ရပါတယ်။
ဒီရလဒ်ကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွေအပြီးမှာ အင်္ဂလန်အသင်းအားလုံးနိုင်ပွဲပျောက်ခဲ့ကြပြီး မန်စီးတိးတသင်းတည်းသာ သရေကစားနိုင်ခဲ့တာဖြစ်ပါတယ်။ စပါးက အေစီမီလန်ကို ၁-၀၊ လီဗာပူးလ်က ရီးရဲလ်မက်ဒရစ်ကို ၂-၅၊ ချယ်လ်ဆီးက ဒေါ့မွန်ကို ၁-၀ တို့နဲ့ ကိုယ်စီအရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့ပွဲကို ရုန်းကန်ရဦးမှာဖြစ်ပါတယ်။
ချယ်လ်ဆီး၊ စပါးနဲ့ မန်စီးတီးတို့ကတော့ အိမ်ကွင်းမှာ ပြန်လည်ကစားရမှာဖြစ်လို့ အခွင့်အရေးတွေရှိနေဆဲဖြစ်ကာ လီဗာပူးလ်က အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ကာ အ၀ေးကွင်းသွားကစားရမှာဖြစ်လို့ တော်တော်လေးမလွယ်ကူတဲ့ အနေအထားပါ။ ပရီးမီးယားလိဂ်ကလပ်တွေ အခြေမလှဖြစ်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေပါပဲ။
ဒုတိယအကျော့မှာတော့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ လက်ရှိအနေအထားမှာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီလို့ ပြောလို့ရနိုင်တဲ့ အသင်းတွေအဖြစ် ရီးရဲလ်မက်ဒရစ်၊ နာပိုလီ၊ ဘင်ဖီကာတို့သာရှိသေးပြီး ကျန်အသင်းတိုင်းကတော့ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။