ဆော်ဒီမင်းသား ဘင်ဆာလ်မန် ပိုင်ဆိုင်တဲ့ နယူးကာဆယ်ဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ထရစ်ပီယာ၊ ခရစ္စဝုဒ်တို့ကိုခေါ်ယူခဲ့ပြီး လိုင်ယွန်ကွင်းလယ်လူ ဂွီမာရက်စ်ကို ထပ်မံခေါ်ယူမှာဖြစ်သလို ယူနိုက်တက် တိုက်စစ်ကစားသမား လင်ဂတ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။
ကွင်းတွင်းမှာ ခပ်သွက်သွက် လှုပ်ရှားနေတဲ့အပြင် ကွင်းပြင်ပမှာလည်း နယူးကာဆယ် ပိုင်ရှင်တွေဟာ မန်စီးတီးပိုင်ရှင် ရှိတ်ခ်မန်ဆော်တို့ အုပ်စုရဲ့ လမ်းစဥ်အတိုင်း တသဝေမတိမ်း လိုက်ပါ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါပြီ။ ဒါကတော့ နယူးကာဆယ်ကို ဗဟိုချက်အဖြစ် ထားရှိပြီး ကမ္ဘာတဝန်းက အခြားသော ဘောလုံးအသင်းတွေကို ဝယ်ယူဖို့ပါ။
The Times ရဲ့ ဖော်ပြချက်အရ ဆော်ဒီ PIF ဟာ သူတို့ရဲ့ ပုံရိပ်ကို ထပ်မံမြှင့်တင်လိုပြီး သူတို့အတွက် ကမ္ဘာလုံးဆိုင်ရာ အားကစားပုံရိပ်အဖြစ် နယူးကာဆယ်ကို သတ်မှတ်ကာ အခြားသောကလပ်အသင်းတွေကို ဝယ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ဆိုပါတယ်။ မန်စီးတီးကို ပိုင်ဆိုင်တဲ့ အဘူဒါဘီအုပ်စုကလည်း လက်ရှိအချိန်မှာ ကမ္ဘာတဝန်းက အသင်းပေါင်း (၁၀) သင်းမှာ ရင်းနှီးမြှုပ်နှံပြီးဖြစ်ပါတယ်။
ရှိတ်ခ်မန်ဆော်တို့ဟာ မန်စီးတီးကို ရာနှုန်းပြည့် ပိုင်ဆိုင်ထားတဲ့အပြင် သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီး၊ ဥရုဂွေးက မွန်တီဗီဒိုစီးတီး နဲ့ ပြင်သစ်ကလပ် ထရွိုင်းစ်တို့မှာလည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။
မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီး၊ ဘယ်လ်ဂျီယံကလပ် လိုမယ်လ် SK၊ အိန္ဒိယက မွမ်ဘိုင်းအက်ဖ်စီ၊ စပိန်ကလပ် ဟီရိုနာ၊ တရုတ်လိဂ်ဝမ်းက စီချွမ်၊ ဂျပန်ကလပ် ယိုကိုဟားမားမာရီနို့စ်တို့မှာလည်း မန်စီးတီး ပိုင်ရှင်တွေက အဓိကရှယ်ယာရှင်တွေအဖြစ်ရှိနေပါတယ်။
နယူးကာဆယ်ပိုင်ရှင်တွေကတော့ ဘောလုံးလောက,က အသင်းတွေအပြင် ဘောလုံးလောကအပြင်ဘက်က ဂေါ့ဖ်၊ တင်းနစ်နဲ့ လက်ဝှေ့တို့မှာပါ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အစီအစဥ်တွေရှိနေတယ်လို့လည်း The Times က ဖော်ပြခဲ့ပါတယ်။