မန်စီးတီး ညာနောက်ခံလူ ကိုင်လီဝေါ်လ်ကာက အသင်းမှာ တစ်စုံတစ်ယောက်က နောက်ကျခဲ့ရင် ဘယ်လိုမျိုး ပြစ်ဒဏ်ပေးလဲဆိုတာကို ဖွင့်ဟလာပါတယ်။ မန်စီးတီးရဲ့ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်အုပ်စုပွဲမတိုင်ခင်မှာ ဝေါ်လ်ကာက အခုလိုမျိုး ဖွင့်ဟခဲ့တာပါ။
မန်စီးတီးဟာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ရက်စတားဘဲလ်ဂရိတ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဝေါ်လ်ကာက “မန်စီးတီးမှာ ဒဏ်ရိုက်တယ်ဆိုတာမျိုး မရှိပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က အသင်းအစည်းအဝေးကို (၁၀) မိနစ် နောက်ကျပြီးမှ ရောက်လာရင်တော့ သူက အစားအသောက်ဖိုးပေးရပါတယ်”
“ဘယ်သူတွေက ဒီပိုက်ဆံတွေကို ကောက်လဲဆိုရင်တော့ ရူဘင်ဒီယက်စ်နဲ့ ရိုဒရီတို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အရင် မာရက်ဇ် အသင်းမှာရှိနေတုန်းကလည်း အသင်းအစည်းအဝေးတစ်ခုကို အချိန်မှားရောက်လာခဲ့တာကြောင့် အသင်းဖော်တွေအားလုံးရဲ့ အစားအသောက်ဖိုးကို ပေးချေခဲ့ရဖူးပါတယ်။
ဝေါ်လ်ကာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မန်စီးတီးနဲ့သာ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဝေါ်လ်ကာဟာ မန်စီးတီးမှာ ဒီဘရိုင်း၊ ရိုဒရီ၊ ရူဘင်ဒီယက်စ်၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့အတူ အသင်းရဲ့ ဦးဆောင်သူ ကစားသမား (၅) ယောက် စာရင်းထဲ ပါဝင်နေသူလည်း ဖြစ်ပါတယ်။
ဒီအပေါ်မှာလည်း ဝေါ်လ်ကာက “အသင်းခေါင်းဆောင်ဖြစ်ဖို့ မဲပေးရွေးချယ်ရပြီး ဒီကစားသမားတွေကပဲ အသင်းကို ဦးဆောင်ရပါတယ်။ သူတို့က လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ရပြီး ဒဏ်ကြေးတွေကို ကောက်ခံပေးရပါတယ်။ ဒီလိုအစုအဖွဲ့မျိုးကို ဦးဆောင်ရတာက ဂုဏ်ယူစရာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။