လီဗာပူးနဲ့မန်စီးတီးတို့ ထိပ်တိုက်တွေ့မယ့်ပွဲမှာ ဆာလာက အဆုံးအဖြတ်ဖြစ်သွားမယ်လို့ ရက်ပ်နပ်က ယုံကြည်နေတာပါ။

ပရီးမီးယားလိဂ်ရဲ့ဝါရင့်နည်းပြဟောင်းကြီး ဟယ်ရီရက်ပ်နပ်က မန်စီးတီးနဲ့လီဗာပူးတို့ ဒီတစ်ပတ်မှာ ထိပ်တိုက်တွေ့မယ့်ပွဲအပေါ် သူ့ရဲ့အမြင်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လီဗာပူးနဲ့မန်စီးတီးတို့ဟာ တနင်္ဂနွေည လီဗာပူးအိမ်ကွင်းမှာ ထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ မန်စီးတီးတို့အကြား ရမှတ်ကွာဟမှု (၁) မှတ်သာရှိတာကြောင့်လည်း ဒီပွဲက ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။

လီဗာပူးဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး မန်စီးတီးကလည်း ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးကို အနိုင်ယူခဲ့ပြီးနောက် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဒီပွဲအပေါ်မှာ ဟယ်ရီရက်ပ်နပ်က “လီဗာပူးက ကြားရက် ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးမိုးရွာပြီး ယုံကြည်ချက်ပိုရှိလာပါတယ်”

“မန်စီးတီးကတော့ ခက်ခဲတဲ့ပွဲနှစ်ပွဲကို ဆက်တိုက်ရင်ဆိုင်ခဲ့ရတာပါ။ လီဗာပူး ဒီပွဲကို နိုင်သွားမယ်လို့ ကျွန်တော်ခံစားနေရပါတယ်။ သူတို့အသင်းရဲ့ အသွေးထဲအသားထဲမှာ ယုံကြည်မှုဆိုတဲ့အရာ စီးဆင်းနေပြီး ဆာလာက သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးပုံစံကိုပြသနေပါတယ်”

“ဒါက မန်စီးတီးခံစစ်အတွက် ပြဿနာဖြစ်လာပါလိမ့်မယ်။ မန်စီးတီးရဲ့ နောက်ခံအစွန်လူတွေက ရှေ့ကို အရမ်းလိုက်လွန်းပြီး ဆာလာအတွက် နေရာလွတ်တွေသာချန်ထားခဲ့ရင် ဒုက္ခရောက်နိုင်ပါတယ်။ လာပေါ့တ်၊ ရူဘင်ဒီယက်စ်တို့နဲ့ မန်စီးတီးခံစစ်က ထိပ်တန်းအဆင့်ခံစစ်တန်းပါ”

“ဒါပေမယ့် ဆာလာကိုတော့ စိတ်ကြိုက်ကစားခွင့်ပေးနေရမှာပါ။ ဘာကြောင့်လဲဆိုတော့ လီဗာပူးရဲ့အသက်က ဆာလာဖြစ်နေလို့ပါ” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးအတွက် ဒီရာသီ ပွဲစဥ်တိုင်းလိုလို ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၅) ဂိုးအပါအဝင် ပြိုင်ပွဲစုံမှာ သွင်းဂိုး (၈) ဂိုးအထိ သွင်းယူထားတာကြောင့် မန်စီးတီးဘက်ကိုလည်း ဂိုးသွင်းယူနိုင်ဦးမလား စောင့်ကြည့်ရတော့မှာပါ။ 

Share

က္က