မန်ချက်စတာယူနိုက်တက်အသင်းကတော့ ညက စပါးနဲ့အရေးကြီးပွဲမှာ ၂ ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့ သရေနဲ့သာ ကျေနပ်လိုက်ရပါတယ်။ ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပြီး ကစားပုံအရလည်း အသာစီးရနေလို့ နိုင်ပွဲက သူတို့အတွက်ပဲလို့ အားလုံးက ထင်မှတ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ စပါးအတွက် ကိန်းနဲ့ ဆွန်တို့က ချေပဂိုးတွေ ပြန်သွင်းသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ကစားပုံတော်တော်လေးကို ကျဆင်းသွားခဲ့ပြီး နည်းပြတန်ဟက်ဂ်ရဲ့ လူစားလဲပုံတွေကလည်း မေးခွန်းထုတ်စရာတွေရှိနေခဲ့ပါတယ်။ ခြေစွမ်းပြနေတဲ့ ဆန်ချိုကို စောစောစီးစီးလူစားလဲခဲ့သလို အဲရစ်ဆန်ကိုလည်း ဖရက်ဒ်နဲ့ လဲကာ ကက်စ်မဲရိုးနဲ့တွဲဖက်စေခဲ့ပြီး အန်သိုနီမာရှယ်ကလည်း လူစားဝင်လာကတည်းက ဘာဆိုဘာမှကို မလုပ်ပြနိုင်ဘဲ ရှိနေခဲ့ပါတယ်။
ဒါ့အပြင် ညာဘက်ခြမ်းမှာ ခြေစွမ်းပြနေတဲ့ ဘစ်စ်ကာကိုလည်း မာလာစီယာနဲ့ လူစားလဲခဲ့ပါသေးတယ်။ ဒီလိုလုပ်ခဲ့တာတွေအတွက် ပီတာရှမိုက်ကယ်၊ ရီယိုဖာဒီနန်တို့က တန်ဟက်ဂ်ကို အပြစ်တင်ခဲ့ကြပြီး ရှမိုက်ကယ်က မာလာစီယာရဲ့ လူစားဝင်လာပြီး ကစားခဲ့ပုံကိုလည်း အပြစ်ဆိုခဲ့ပါတယ်။ တန်ဟက်ဂ်ကတော့ သူ လူစားလဲဖို့အတွက်ကို စီစဉ်ထားပြီးဖြစ်ကာ နည်းနည်းလေးနောက်ကျခဲ့တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ ဒုတိယပိုင်းခြေစွမ်းကို တော်တော်လေးစိတ်ပျက်ခဲ့ကြပြီး မန်စီးတီးနဲ့ကစားမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဒီပုံစံဆိုရင် ဂိုးပြတ်တောင်ရှုံးနိမ့်မယ်လို့ တွက်ဆနေပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒုတိယပိုင်းတပိုင်းလုံး စပါးကို အခွင့်အရေးတွေ ပေးခဲ့ပြီး ပြိုင်ဘက်သာ ဂိုးသွင်းသေချာရင် အရေးနိမ့်မယ့်အနေအထားမှာတောင် ရှိနေခဲ့တာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးနေတဲ့ အချိန်မှာ တန်ဟက်ဂ်ရဲ့ လူစားလဲပုံတွေကလည်း မေးခွန်းထုတ်စရာကောင်းနေခဲ့တာ အမှန်ပါပဲ။ ကက်စ်မဲရိုးကလည်း ပွဲပန်းနေပြီး ဒုတိယပိုင်းမှာ လိုက်မဆော့နိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ မာရှယ်ရဲ့ ကစားပုံဖြစ်ပြီး ထုံးစံအတိုင်း ပျင်းရိနေဟန်နဲ့ ဝင်ကစားသွားပြီး ဘာအကျိုးသက်ရောက်မှုမှလည်း မရှိခဲ့ပါဘူး။