မန်စီးတီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို တပတ်လုပ်ခပေါင် ၅ သိန်းပေးချေကာ ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ကစားသမားရဲ့အေးဂျင့်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးနောက် ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိခဲ့ကာ ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ ရှိတော့တယ်လို့လည်း သိရပါတယ်။
ဟာလန်းအတွက် ပေးချေမယ့် တပတ်လုပ်ခ ပေါင် ၅ သိန်းဟာ မန်ချက်စတာယူနိုက်တက်မှာ ရော်နယ်ဒိုရရှိနေတဲ့ ပမာဏနဲ့အတူတူပဲဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကိုတော့ ကစားသမားနဲ့ ဒေါ့မွန်တို့ကြား သဘောတူထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းသာပေးချေရဖို့ မန်စီးတီးက မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။
ဟာလန်းကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေပြီး မန်စီးတီးက လက်ဦးမှုရယူဖို့ အစွမ်းကုန်အားထုတ်နေတာဖြစ်ပါတယ်။ ဟာလန်းကတော့ ရာသီကုန်မှာ ဒေါ့မွန်ကထွက်ဖို့ သေချာသလောက်ဖြစ်နေပြီး သူ့ကိုအသင်းဘက်က တားဆီးလို့ရမှာမဟုတ်တာကြောင့်လည်း စာချုပ်ဖျက်သိမ်းကြေးရယူပြီး လက်လွှတ်ခံရတော့မှာဖြစ်ပါတယ်။
အဂူရိုထွက်ခွာခဲ့တဲ့နောက် မန်စီးတီးမှာ တိုက်စစ်မှူးစစ်စစ်အဖြစ် ဂါဘရီရယ်ဂျီးဆပ်တဦးတည်းသာ ရှိနေတာဖြစ်ပါတယ်။ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့်လည်း စပါးဘက်က ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘဲ ဂွာဒီယိုလာက တိုက်စစ်အားသန်ကစားသမားတွေနဲ့သာ အသင်းကို ပြင်ဆင်နေခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးရဲ့လစာအများဆုံးကစားသမားကတော့ ဒီဘရိုင်းဖြစ်ပြီး တပတ်လုပ်ခပေါင် ၃၈၅၀၀၀ ရရှိနေကာ ဟာလန်းက ပေါင်ငါးသိန်းရရှိမယ်ဆိုရင် အသင်းရဲ့လစာအများဆုံးကစားသမားလည်းဖြစ်လာမှာဖြစ်ပါတယ်။