လီဗာပူးပရိသတ်တွေဟာ မနေ့ညက ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲမှာ ကိုယ့်အသင်း လီဗာပူးကို အားပေးခဲ့ရသလို တဖက်က ဂန္တဝင်ဟောင်း ဂျရတ်ကိုင်တွယ်နေတဲ့ ဗီလာကိုလည်း အားပေးနေခဲ့ရပါတယ်။ တချိန်တည်းကစားခဲ့တဲ့ ဒီပွဲတွေမှာ မန်စီးတီးရော၊ လီဗာပူးရောက ပြိုင်ဘက်တွေကို အနိုင်ရရှိခဲ့တာကြောင့် လီဗာပူးတို့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
ဒီပွဲရဲ့ ပွဲကစားချိန် (၂) မိနစ်မှာတင် လီဗာပူးတို့ ဝုလ်ဗ်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာပါ။ ဒါပေမယ့် မာနေးက ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ တဖက်မှာတော့ အက်စတွန်ဗီလာက မန်စီးတီးကို နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီး လီဗာပူးကသာ တဂိုးထပ်သွင်းလိုက်ရင် ချန်ပီယံဆုက လီဗာပူးလက်ထဲ ရောက်လာမှာပါ။
ဒါပေမယ့် မန်စီးတီးက ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းပြီး ၃-၂ ဂိုးဖြစ်သွားပြီးချိန်မှ ဆာလာရဲ့ သွင်းဂိုးကြောင့် လီဗာပူးတို့ ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆာလာဂိုးသွင်းပြီး တမိနစ်ဝန်းကျင်ခန့်မှာတင် လီဗာပူးပရိသတ်တွေဟာ သူတို့ဘာသူတို့ လက်ခုပ်တွေတီး၊ အချင်းချင်းပွေ့ဖက်ရင်း အောင်ပွဲခံခဲ့ကြပါတယ်။
ဒီပွဲကို အစီအစဥ်တင်ဆက်နေတဲ့ ရော့ဘ်ဟော့သွန်းကတော့ “အောင်ပွဲခံနေကြတာက မန်စီးတီးကြောင့်တော့ မဟုတ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မန်စီးတီးက အခုထိ ၃-၂ ဂိုးနဲ့ ဦးဆောင်ထားဆဲပါ။ ကြည့်ရတာ လီဗာပူးပရိသတ်တွေကြားထဲကို သတင်းမှားတခုခု ပျံ့နှံ့သွားတဲ့ပုံပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ လီဗာပူးပရိသတ်တွေက အရင်လိုပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီး သူတို့ သတင်းအမှားရရှိခဲ့တာကို သိရှိသွားပုံပါပဲ။ ဒီပွဲမှာ လီဗာပူးအတွက် လူစားဝင်လာပြီး ဂိုးသွင်းခဲ့တဲ့ ဆာလာကလည်း မန်စီးတီးအနိုင်မရရှိသေးဘူးအမှတ်နဲ့ အကြီးအကျယ် အောင်ပွဲခံခဲ့ပါသေးတယ်။
အဲ့ဒီအချိန်မှာ လီဗာပူးပရိသတ်တွေက ဆာလာကို မန်စီးတီးက ဗီလာကို ၃-၂ ဂိုးနဲ့ ဦးဆောင်ထားတဲ့အကြောင်း သတိပေးခဲ့ရပါတယ်။ လီဗာပူးအတွက်တော့ ဒီရာသီက မပြီးဆုံးသေးပါဘူး။ လာမယ့်အပတ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပဲရစ်မြို့မှာ ရင်ဆိုင်ကစားရဦးမှာဖြစ်ပါတယ်။