ဘန်ဇီမာက သူပင်နယ်တီမကန်ခင်မှာ ရိုဒရီဂိုကို ကမ်းလှမ်းခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကြီး ဘန်ဇီမာဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဥ်မှာ အသင်းကို ဗိုလ်လုပွဲပို့ဆောင်ပေးမယ့် ပင်နယ်တီကို အချိန်ပိုမှာ ကန်သွင်းယူပေးခဲ့ပါတယ်။ အချိန်ပို (၉၅) မိနစ်မှာရရှိခဲ့တဲ့ ဒီပင်နယ်တီသွင်းဂိုးကြောင့် ရီးရဲလ်မက်ဒရစ်တို့ မန်စီးတီးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



နှစ်ကျော့ပေါင်းရလဒ်မှာတော့ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို ၆-၅ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပင်နယ်တီကလည်း ဘန်ဇီမာကြောင့်ပဲရရှိခဲ့တာဖြစ်ပြီး ပင်နယ်တီရရှိပြီးတဲ့နောက် ဘန်ဇီမာက အသင်းဖော် လူငယ်ကစားသမားလေး ရိုဒရီဂိုကို ပင်နယ်တီကန်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ရိုဒရီဂိုဟာ ဒီပွဲမှာ နှစ်ဂိုးသွင်းယူထားပြီးဖြစ်ပြီး ဒီပင်နယ်တီကိုသာ ဝင်အောင် ကန်သွင်းနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်လိုပွဲမျိုး၊ မန်စီးတီးလိုအသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့ပွဲမျိုးမှာ ဟက်ထရစ်ရရှိမှာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ မှတ်တမ်းပုံရိပ်တွေအရတော့ ဘန်ဇီမာဟာ ရိုဒရီဂိုကို “မင်းကန်မလား” လို့ မေးမြန်းခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့်လေးကို ဟက်ထရစ်ရစေလိုတဲ့ ဘန်ဇီမာရဲ့ သဘောထားပဲဖြစ်တယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

ဒါပေမယ့်လည်း ရိုဒရီဂိုက ငြင်းဆန်ပယ်ချခဲ့တာကြောင့် ဘန်ဇီမာက သူကိုယ်တိုင်ပဲ ပင်နယ်တီကန်သွင်းပြီး ရီးရဲလ်မက်ဒရစ်ကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဘန်ဇီမာဟာ အသင်းရဲ့ ပင်နယ်တီတွေကို ဒိုင်ခံကန်သွင်းရတဲ့ ကစားသမားဖြစ်ပြီး ပထမအကျော့မှာလည်း မန်စီးတီးဘက်ကို Panenka ကန်ချက်နဲ့ ပင်နယ်တီဂိုးသွင်းယူခဲ့ပါသေးတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲမှာ မိနစ် (၉၀) အထိ မာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခံထားရပြီး မိနစ် (၉၀) နဲ့ (၉၁) မိနစ်တို့မှာ ရိုဒရီဂိုက နှစ်ဂိုးဆက်သွင်းယူခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။ အချိန်ပိုမှာလည်း အခုလိုမျိုး ဘန်ဇီမာရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ဗိုလ်လုပွဲကို ရောက်ရှိခဲ့ရတာပါ။

ရိုဒရီဂိုကတော့ ချဲလ်ဆီးနဲ့ ကွာတားဒုတိယအကျော့၊ အခု မန်စီးတီးနဲ့ ဒုတိယအကျော့တို့မှာ အသင်းအတွက် အရေးပါတဲ့ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ဂိုးထပ်သွင်းဖို့ ပစ်မှတ်ထားနေတယ်လို့ ရိုဒရီဂိုက ပြောကြားခဲ့ပြီး ဒါဟာ သူ့အဖေနဲ့ လောင်းကြေးစားကြေး ပြုလုပ်ထားတာကြောင့်လို့ ဖွင့်ဟခဲ့ပါတယ်။ 

Share

Loading Next Article...
က္က