ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်က တနှစ်တာအကောင်းဆုံးအသင်းစာရင်းမှာ မန်စီးတီးနဲ့ လီဗာပူးတို့ ရီးရဲလ်မက်ဒရစ်အပေါ်မှာ ရပ်တည်ခဲ့တဲ့အပေါ် သူ့ရဲ့ တွစ်တာကတဆင့် တုံ့ပြန်လှောင်ပြောင်လာခဲ့ပါတယ်။ ဘလွန်းဒီအော်ဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံး အသင်းဆုကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပြီး မန်စီးတီးက အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
မန်စီးတီးနောက်မှာ လီဗာပူးက အဆင့် (၂) နေရာနဲ့ ရပ်တည်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကတော့ အဆင့် (၃) နေရာမှာသာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာ ဘလွန်းဒီအော်ရပြီး အငြင်းပွားစရာနည်းတဲ့ ဘလွန်းဒီအော်ဆုပေးပွဲဖြစ်ခဲ့ပေမယ့် ဒီအချက်ကတော့ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် စိတ်မသက်သာစရာဖြစ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ မန်စီးတီး၊ ဗိုလ်လုပွဲမှာ လီဗာပူးတို့ကို ဆက်တိုက် အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်ခဲ့တဲ့အသင်းတသင်းပါ။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အနေနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်မှာ ပီအက်စ်ဂျီ၊ ကွာတားဖိုင်နယ်မှာ ချဲလ်ဆီးတို့ကိုလည်း ကျော်ဖြတ်ပြနိုင်ခဲ့ပါသေးတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါနဲ့ ချန်ပီယံလိဂ်တို့အပါအဝင် အဓိကဆုဖလား (၄) လုံး ဆွတ်ခူးနိုင်ခဲ့ပြီး အအောင်မြင်ဆုံး ဥရောပအသင်းတသင်းဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဒီလိုမျိုး သတ်မှတ်ခံခဲ့ရတဲ့အပေါ် တိုနီကရူးစ်က “(၂၀၂၁-၂၂) ဘောလုံးရာသီအတွက် တတိယမြောက် အကောင်းဆုံးအသင်းတဲ့။ ပျော်ရွှင်ရဲ့လား ရီးရဲလ်မက်ဒရစ်” လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
တိုနီကရူးစ်ဟာ များသောအားဖြင့် အနေအေးလေ့ရှိသူတယောက်လို့ အများစုက ယုံကြည်ထားပေမယ့် မကြာခဏဆိုသလို ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင်လေ့ရှိသူတယောက်ပါ။ အခုကိစ္စမှာတော့ တိုနီကရူးစ်တယောက်လည်း စိတ်ပျက်ခဲ့ရပြီး အခုလိုပဲ ဆုရွေးချယ်ရေးအဖွဲ့ကို အရွဲ့တိုက် စောင်းမြောင်းရေးသားခဲ့တာဖြစ်ပါတယ်။