ဗိုလ်လုပွဲကတော့ မန်ချက်စတာဒါဘီပွဲအဖြစ် နွှဲရတော့မှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဘရိုက်တန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါပြီ။ အဲရစ်တန်ဟက်ဂ်က သူ့ရဲ့ ပထမဆုံးရာသီမှာပဲ ယူနိုက်တက်ကို ပြိုင်ပွဲနှစ်ခုရဲ့ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး မြို့ခံပြိုင်ဘက်မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်သွားရတော့မှာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်ဟာ ဘရိုက်တန်နဲ့ပွဲကို ကောင်းကောင်းကစားနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုတွေကိုတောင် ရင်ဆိုင်ခဲ့ရပါတယ်။ ဘရိုက်တန်က ကစားကွက်၊ တိုက်စစ်ကစားပုံတွေမှာ ပိုမိုကောင်းမွန်ခဲ့ပြီး ဒီဂီယာရဲ့ လက်စွမ်းပြကာကွယ်မှုတချို့သာမရှိခဲ့ရင် ပွဲချိန်အတွင်းအရေးနိမ့်သွားနိုင်ခဲ့တဲ့ အနေအထားမှာ ရှိနေခဲ့တာပါ။ 

ယူနိုက်တက်ပရိသတ်တွေကိုယ်တိုင် အသင်းခြေစွမ်းကို စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြပြီး တပွဲလုံးကို ရင်တမမနဲ့ ကြည့်ရှူခဲ့ကြရပါတယ်။ ဘရိုက်တန်သာ အဆုံးသတ်သေချာခဲ့မယ်ဆိုရင် သာမန်ပွဲကစားချိန်အတွင်းမှာပဲ အရှုံးအနိုင်အဖြေပေါ်ခဲ့ဖွယ်ရာရှိခဲ့တာပါ။ ယူနိုက်တက်တိုက်စစ်က မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့လည်း တပွဲလုံး ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ ခံစစ်ပိုင်းက ကြံ့ကြံ့ခံနိုင်ခဲ့လို့သာ သက်သာခဲ့တာပါ။

အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ကြလို့ ပင်နယ်တီကန်သွင်းချိန်မှာတော့ ယူနိုက်တက်ပရိသတ်တွေကိုယ်တိုင် သူတို့အသင်းအရေးနိမ့်မယ်လို့ ယူဆခဲ့ကြတာပါ။ တကယ်ကန်သွင်းတော့လည်း ထင်မှတ်ထားသလို ဒီဂီယာက တလုံးမှ ဖမ်းဆိးနိုင်တာမျိုးမရှိဘဲ ဘရိုက်တန်ကစားသမား မာ့ချ်ရဲ့ ကန်ချက် ဘားတန်းကျော်သွားခဲ့လို့သာ အနိုင်ရခဲ့တာလို့ ပြောရမှာဖြစ်ပါတယ်။ 

ဗိုလ်လုပွဲတက်နိုင်ခဲ့လို့ ယူနိုက်တက်ပရိသတ်တွေ ကျေနပ်ပျော်ရွှင်ခဲ့ရပေမယ့် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာမို့ ဆုဖလားမျှော်လင့်ချက်ကတော့ နည်းပါးနေတာ ငြင်းမရပါဘူး။ ဒါပေမယ့်လည်း တပွဲတိုးကစားရတော့မှာဖြစ်တာကြောင့်လည်း ထင်မှတ်မထားတာတွေ ဖြစ်တတ်လာနိုင်လို့ စောင့်ကြည့်ရဦးမယ့် ဗိုလ်လုပွဲပါပဲ။ 


Share

Loading Next Article...
က္က