လီဗာပူးရဲ့ နောက်ခံလူဟောင်း ဟိုဆေးအင်းနရစ်က မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ဘရိုက်တန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ မန်စီးတီး အနိုင်ရရှိခဲ့တာက ကံအရမ်းကောင်းသွားလို့ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဒုတိယပိုင်းမှာရရှိတဲ့ ဂိုးတွေနဲ့အတူ သုံးဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
မန်စီးတီးဟာ ပထမပိုင်းမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာ မာရက်ဇ်၊ ဖိုဒန်၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ ဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရတုန်းက နှစ်ဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီပွဲမတိုင်ခင်မှာ ဘရိုက်တန်က အာဆင်နယ်၊ စပါးတို့လို အသင်းတွေကို အဝေးကွင်းမှာ နှစ်ပွဲဆက် အနိုင်ယူခဲ့တာကြောင့် လီဗာပူးပရိသတ်တွေက မန်စီးတီး အမှတ်လျော့ဖို့ မျှော်လင့်ထားကြတာပါ။ ဒါပေမယ့် မန်စီးတီးတို့ကတော့ အိမ်ကွင်းမှာ နိုင်ပွဲရရှိကာ လီဗာပူးရဲ့ အထက် (၁) မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားဆဲဖြစ်ပါတယ်။
ဒီပွဲအပြီးမှာ အင်းနရစ်က သူ့ရဲ့တွစ်တာကတဆင့် “မန်စီးတီးကတော့ အရမ်းကို ကံကောင်းလွန်းသွားတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးရရှိခဲ့တဲ့ဂိုးတွေက ဟိုထိဒီထိနဲ့ရခဲ့တဲ့ဂိုးတွေဖြစ်ပါတယ်။ အင်းနရစ်ကတော့ ဒါကို ရည်ရွယ်ပြီး ရေးသားခဲ့ပုံရပါတယ်။
မာရက်ဇ်ရဲ့ အဖွင့်ဂိုးအတွက် ဘောလုံးကရှုပ်ယှက်ခတ်ပြီးမှ လွတ်ထွက်သွားခဲ့ကာ မာရက်ဇ်က အဆုံးသတ်ခဲ့ပါတယ်။ ဖိုဒန်ရဲ့ ဒုတိယဂိုးမှာလည်း အလားတူပဲ ဘောလုံးလမ်းကြောင်းပြောင်းခဲ့တာတွေဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံး ဘာနာဒိုရဲ့ပွဲသိမ်းဂိုးမှာတော့ ဘရိုက်တန်နောက်ခံလူတွေရဲ့ အမှားကတဆင့် ပေးလိုက်ရတာဖြစ်ပါတယ်။
မန်စီးတီးဟာ လာမယ့် စနေညမှာတော့ ဝက်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဝက်ဖို့ဒ်က အဆင့် (၁၉) နေရာမှာ ရပ်တည်နေပြီး တန်းမဆင်းရရေးမျှော်လင့်ချက်နဲ့ ရုန်းကန်လာဦးမှာပါ။ လီဗာပူးကလည်း တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ အဲဗာတန်ကို အိမ်ကွင်းမှာပဲ ဧည့်ခံကစားရမှာဖြစ်ပါတယ်။