ဘောလုံးလောကနဲ့ ဘာစီလိုနာဂန္ထဝင်ကစားသမားကြီးရော်နယ်ဒင်ဟိုကတော့ အာဆင်နယ်မှာ ဂါဘရီရယ်ဂျီးဆပ်က ကမ္ဘာ့အဆင့်ကစားသမားပါဖြစ်လာမယ်လို့ သူယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။ Mirror နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံတူကစားသမားရဲ့ ခြေစွမ်းကို ဒင်ဟိုလို ကစားသမားကြီးကတောင်မှ တော်တော်လေးသဘောကျနေခဲ့ပြီး အပြည့်အ၀ထောက်ခံပေးခဲ့တာပါ။
ဂျီးဆပ်ကလည်း လက်စတာကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တဦးတည်း ၄ဂိုးအထိ တိုက်ရိုက်ပါပတ်သက်ခဲ့ပြီး ၂ဂိုးသွင်းကာ ၂ဂိုးဖန်တီးပေးခဲ့ပါတယ်။ အာဆင်နယ်ကစားသမားဖြစ်လာပြီးနောက် သူ့အကြိုက်ဆုံး ဗဟိုတိုက်စစ်နေရာမှာ ဂျီးဆပ်က ကစားခွင့်ရခဲ့သလို အားလုံးအံ့အားသင့်လောက်အောင် ခြေစွမ်းပြခဲ့ပြီး အာဆင်နယ်တို့အတွက် အဖိုးတန်တဲ့ခေါ်ယူမှုဖြစ်လာခဲ့တာကို သက်သေပြနိုင်ခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုက "ဂျီးဆပ်က မန်စီးတီးကိုပြောင်းချိန်မျာ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတယောက်ဖြစ်လာလိမ့်မယ်လို့ ကျနော်ပြောခဲ့ဖူးတယ်၊ သူ့အတွက် အခွင့်အရေးလာချိန်မှာ သူ ဘာလုပ်နိုင်တယ်ဆိုတာကို ပြသနိင်ခဲ့ပါတယ်၊ ဒါမေယ့် မန်စီးတီးက သူ့ကို သူ့ရဲ့အရည်အချင်းနဲ့ ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို မပြသခဲ့ဘူး၊ အာဆင်နယ်မှာ သူက အဓိကကျပြီး အရေးပါတဲ့ အခွင့်အရေးမျိုးကို ရရှိထားသလို နည်းပြနဲ့ ပရိသတ်တွေကလည်း သူ့ကို ချစ်မြတ်နိုးတယ်ဆိုတာကို ပြသခဲ့တယ်"
"သူကလည်း ဒီအတွက် ပြန်ပြီးပေးဆပ်ပြီးနေပါပြီ၊ဒီရာသီတော့ သူ့ကို ကျနော်အကြီးကြီးမျှော်လင့်ထားတယ်ဗျာ၊ သူက ပရီးမီးယားလိဂ်မှာတင်မဟုတ်ဘဲ ဥရောပမှာပါ အကောင်းဆုံးကစားသမားတသီးဖြစ်တယ်ဆိုတာကို ပြသပြီး သူ့အပေါ်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်တုံ့ပြန်သွားမှာပါ" လို့ပြောဆိုခဲ့ပြီး ဂါဘရီရယ်ဂျီးဆပ်ကို သူ တော်တော်လေးသဘောကျနေတယ်ဆိုတာ ဖွင့်ဟသွားခဲ့ပါတယ်။
ဂျီးဆပ်ကလည်း အချိန်တိုအတွင်း အသင်းပရိသတ်တွေအကြိုက်တွေ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီး အာဆင်နယ်ကို မျှော်လင့်ချက်တွေတောက်ပစေခဲ့ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်က ပရီးမီးယားလိဂ်နှစ်ပွဲကစားအပြီး နှစ်ပွဲစလုံးအနိုင်ရထားကာ မန်စီးတီးနဲ့ ရမှတ်တူအနေအထားနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။