မန်စီးတီးရဲ့ ဖလားသုံးလုံးအိပ်မက်ကို ရပ်တန့်ပစ်နိုင်ဖို့က အရေးအကြီးဆုံးအရာဖြစ်တယ်လို့် အက်ဖ်အေဖလားဗိုလ်လုပွဲမတိုင်ခင်မှာ ယူနိုက်တက်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က ပြောဆိုလိုက်ပါတယ်။ ဒီနှစ်သင်းဟာ စေနေနေ့မှာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ဝင်ဘလေကွင်းမှာာ ကစားရတော့မှာဖြစ်ပြီး မန်စီးတီးသာ အနိုင်ရခဲ့မယ်ဆိုရင် ဖလားသုံးလုံးအိပ်မက်က ရှင်သန်နေမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဖလား ၃ လုံးရယူနိုင်ဖို့အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ အက်ဖ်အေဖလားဗိုလ်လုပွဲတွေကို အနိုင်ရအာင် ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ၁၉၉၉ ခုနှစ်က တရာသီအတွင်း ဖလားသုံးလုံးတပြိုင်တည်းဆွတ်ခူးခဲ့ပြီး အင်္ဂလန်မှာ ဒီလိုစွမ်းဆောင်နိုင်တာ သူတို့တသင်းတည်းရှိနေခဲ့ပေမယ့် အခု မန်စီးတီးက ဒီစံချိန်ကို လိုက်မီမယ့် အခွင့်အရေးရှိနေတာကို ဟန့်တားရတော့မှာလည်း ဖြစ်ပါတယ်။
"ဖလားသုံးလုံးရယူနိုင်တဲ့ တခုတည်းသော အင်္ဂလိပ်ကလပ်အဖြစ် ယူနိုက်တက်က ဆက်ရှိနေမှာ သေချာသလားဆိုရင်တော့ အဲဒါက အရေးအကြီးဆုံးပါပဲ" လို့ ယူနိုက်တက်ရဲ့ တနှစ်တာအကောင်းဆုံးဆုပေးပွဲမှာ ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆု၊ အသင်းဖော်တွေက ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုတွေကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၀ အထိ ရက်ရှ်ဖို့ဒ်က သွင်းယူပေးကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လာမယ့်အက်ဖ်အေဖလားပွဲမှာတော့ ယူနိုက်တက်က အောက်အသင်းဖြစ်နေကာ မန်စီးတီးက အနိုင်ရမယ်လို့ ရေပန်းစားနေပြီး ပရိသတ်အများအပြားကလည်း မန်စီးတီးသာ ဗိုလ်စွဲမယ်လို့ ယုံကြည်နေကြပါတယ်။ ဒီပွဲကိုတော့ စနေနေ့ည၊ မြန်မာစံတာ်ချိန် ည ၈း၃၀ နာရီမှာ ကစားသွားမှာလည်းဖြစ်ပါတယ်။